ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ရွာသစ်ကျေးရွာအနီးတွင် ဧရာဝတီလင်းပိုင် ကျက်စားသွားလာလျက်ရှိ

Listing Description

ပခုက္ကူ၊ နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ရွာသစ်ကျေးရွာအနီးတွင် ဧရာဝတီလင်းပိုင် ကျက်စားသွားလာလျက် ရှိသည်။

“လင်းပိုင်မျိုးကတော့ ငါးတွေအများဆုံး ကျက်စားခိုအောင်း နေထိုင်တဲ့မြစ်ကမ်းနေရာမှာ နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လင်းပိုင်က အဲဒီလိုစားရဖို့ကလည်း အရင်ဆုံး အဲဒီစည်းကို ကျော်မသွားဘဲ အများဆုံး အောက်ကနေပတ်ခြောက်ပြီးတော့ တက်လာတဲ့ ငါးကိုစောင့်ပြီး စားနေတာပါ။ စားတဲ့နေရာမှာ လည်း ရေလုပ်သားအတွေ့အကြုံအရဆိုရင် ခေါင်းပိုင်းမစားဘဲ အများဆုံး အမြီးပိုင်းကိုပဲ စားပါတယ်။ လင်းပိုင်ရဲ့ ထူးခြားချက်ကတော့ နို့တိုက်သတ္တဝါလည်းဖြစ်ပါတယ်။ အခုလောလောဆယ် တော့ တစ်ကောင်တည်းပဲ တွေ့ပါသေးတယ်” ဟု ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု အုတ်ကျောင်းကျေးရွာမှ ရေလုပ်သား ဦးမြင့်ထွေးက ပြောသည်။

ဆက်လက်၍ အုတ်ကျောင်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးဝင်း ကျော်ဦးက “၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လကုန်ပိုင်းလောက် မှာ ကျွန်တော်တို့ဒေသ ရွာသစ်ကျေးရွာရဲ့ အရှေ့ဘက် ဧရာဝတီ မြစ်ထဲ ဧရာဝတီလင်းပိုင်ရောက်ရှိတာတွေ့ရပါတယ်။ အဲဒါကို ကျွန်တော်တို့ဒေသ ဆိက္ခဝအုပ်စုအတွင်းက ရေနံချက်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးကိုကြီးနိုင်၊ ရွာသစ်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးစန်းနိုင်၊ ရွာတွင်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးကြည်နိုင်စိုးတို့ စုပေါင်းပြီး လိုက်လံရှာဖွေ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ ထိန်းသိမ်းနေတဲ့ အချိန်မှာ ဧရာဝတီလင်းပိုင်မျိုးဟာ ရှားပါးတဲ့ ငါးမျိုးစိတ်ဖြစ်တာကြောင့် ရှော့ပိုက်တွေနဲ့ ဖမ်းဆီး တာတွေမရှိအောင် လိုက်လံထိန်းသိမ်းနေပါတယ်။ ဧရာဝတီလင်းပိုင်ကို ရှော့ပိုက်တွေနဲ့ လုပ်တာ တွေ့ရင်တော့ ဖမ်းဆီး အရေးယူဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

အဆိုပါ ဧရာဝတီလင်းပိုင်ငါး ကျက်စားသွားလာမှုကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများ၊ဒေသခံတာဝန် ရှိသူများနှင့် ရေလုပ်သားများ စုပေါင်း၍ နိုဝင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လိုက်လံ ရှာဖွေကာ မှတ်တမ်းဗီဒီယိုနှင့် ဓာတ်ပုံများရယူကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)