ပခုက္ကူ၌ ဧရာဝတီလင်းပိုင်အချို့ကို ဒုတိယအကြိမ်တွေ့ရှိရပြီး မှတ်တမ်းဗီဒီယို ရိုက်ကူးနိုင်ခဲ့

Listing Description

ပခုက္ကူ၊ နိုဝင်ဘာ ၂၁

ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ရွာသစ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ နိုဝင်ဘာ ၂၀ ရက်က ဧရာ ဝတီလင်းပိုင်အချို့ကို ဒေသခံများက တွေ့ရှိခဲ့ပြီး မှတ်တမ်းဗီဒီယိုလည်း ရိုက်ကူးနိုင်ခဲ့ကြောင်း သိရသည်။

ဆိက္ခဝကျေးရွာအုပ်စု အုဋ်ကျောင်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးဝင်းကျော်ဦး၊ ဦးဘိုကြည်နိုင်၊ ဦးသန်း နိုင်နှင့် ဦးကြည်နိုင်စိုးတို့က ဧရာဝတီမြစ်အတွင်း သွားလာနေကြသည့် ဧရာဝတီလင်းပိုင်အချို့ကို တွေ့ရှိပြီး ဗီဒီယိုရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ကာ အကောင် အရေအတွက် အတိအကျကိုမူ မသိရကြောင်း တွေ့ရှိခဲ့သူများက ပြောသည်။

ပခုက္ကူမြို့ရှိ ဧရာဝတီတံတား(ပခုက္ကူ)အနီး၌ အောက်တိုဘာလဆန်းပိုင်းအတွင်းက ဧရာဝတီ လင်းပိုင် သုံးကောင်ခန့်ကို ဒေသခံ ရေလုပ်သားများက စတင်တွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာလ နောက်ဆုံးအပတ်ထဲတွင် ပခုက္ကူမြို့နယ် ရှားတောကျေးရွာနှင့် ညောင်ဦးမြို့နယ် သစ်ထောင့်ကျေးရွာ အနီး၌ ဧရာဝတီလင်းပိုင်များကို ပထမဆုံး မှတ်တမ်း ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ကြောင်း၊ ယခု မှတ်တမ်းရိုက်ယူ နိုင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဧရာဝတီလင်းပိုင် များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့်အတူ ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့်လည်း ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ပခုက္ကူမြို့မှ ရေလုပ်သား တစ်ဦးက ပြောသည်။

ကိုတမာ(ပြန်ဆက်)