ဒုံးသိမ်ပုထိုးတော်ကြီး

Listing Description

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းအနောက်ဘက်ကမ်း၊ ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ကျေးရွာတွင်တည်ရှိသည်။ ပုထိုးတော်ကြီးအား မြောက်ဦးခေတ် အေဒီ ၁၇၁၀ မှ ၁၇၃၁ ခုနှစ်ထိ ထီးနန်း ၂၁ နှစ်စိုးစံခဲ့သော သီရိသူရိယဥဂ္ဂါဗလသုဓမ္မရာဇာမင်း၏သားတော် စန္ဒဝိဇယရာဇာဘွဲ့ခံ ကျိန်းဒုံးညိုမင်းက တည်ထားကိုးကွယ်ခဲ့သည်။ ကျိန်းဒုံးညိုမင်းသည် ရခိုင်ပြည်အနှံ့အပြားတွင် သိမ်ပေါင်း ၈၀၀၊ ကျောင်းပေါင်း ၈၀၀၊ ကန်ပေါင်း ၈၀၀ ဆောက်လုပ်လှူဒါန်းခဲ့သည်ဟုဆိုသည်။ ဒုံးသိမ်ပုထိုးတော်ကြီးသည် သဘာဝကျောက်တုံး ကျောက်စွယ်များကို ခိုင်ခံ့စွာပြုလုပ်၍ တည်ထားပြီး မြောက်ဦးမြို့ရှိ ထုက္ကန့်သိမ်ပုထိုးတော်ကြီးနှင့် ပုံသဏ္ဌာန်ဆင်တူသည်။ ဉာဏ်တော်အမြင့် ၅၄ ပေ၊ လုံးပတ် ၈၇ ပေ ၉ လက်မရှိသည်။ ပရဝုဏ်အကျယ်အဝန်းမှာ အလျား ၁၈၂ ပေ၊ အနံ ၉၀ ပေ ရှိသည်။ ပုထိုးတော်ကြီး၏ လိုဏ်အတွင်း၌ ကြည်ညိုဖွယ်ရာ ဗုဒ္ဓဆင်းတုတော်တစ်ဆူနှင့် အပြင်၌လည်း ရှေးဟောင်း အရံစေတီငယ် ၁၂ ဆူ ဝန်းရံထားသည်။ ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုအမွေအနှစ် ဆင်ယင်ထုံးဖွဲ့မှု ကျောက်ဆစ်လက်ရာများ၊ ကျား-မ လူရုပ်နှစ်ရုပ်၊ ဗျာလ်လရုပ်အကြီးအသေးမျိုးစုံ၊ ကျီးရုပ်၊ ဘီလူးရုပ်၊ ပန်းတက်များ၊ ဉာဏ်တော်အကြီးအငယ် ဗုဒ္ဓဆင်းတုတော်များစသော ရုပ်လုံးရုပ်ကြွမျိုးစုံနှင့် ပုထိုးတော်ကြီးအနီး၌ ရေကန်တစ်ကန်ကို တွေ့မြင်နိုင်သည်။