ဦးအောင်ဇေယျစေတီ

Listing Description

ကယားပြည်နယ် ရှားတောမြို့၏ တောင်ဘက်ရပ်ကွက်အတွင်း ဦးအောင်ဇေယျလမ်း၏ အနောက်ဘက်ကပ်လျက်တွင် တည်ရှိသည်။ စေတီတော်ကို အလောင်းမင်းတရား ဦးအောင်ဇေယျသည် ယိုးဒယားပြည် (အယုဒ္ဓယမြို့)သို့ စစ်ချီတက် သွားစဉ်က တည်ထားကိုးကွယ်ခဲ့သည်ဟု လေ့လာ သိရှိရပြီး စေတီတော်သည် အောက်ခြေလေးထောင့် ဖိနပ် ခုံပေါ်တွင် အလျား ၁၅ ပေ၊ ၈ လက်မ၊ အနံ ၁၇ ပေ ၆ လက်မနှင့် ဉာဏ်တော်အမြင့် ၂၈ ပေခန့်ရှိ အဝိုင်းပုံစံ တည်ထားသော မြေစိုက်စေတီအမျိုးအ စားဖြစ်ပါသည်။ အောက်ခြေလေးထောင့်သည် နှောင်းခေတ်ဗိသုကာဟု ယူဆရပြီး ပစ္စယံတစ်ဆင့်ခံ၍ ယင်းအပေါ်တွင် စိန်တောင်ပုံစံအုတ်ကို ဒေါင်လိုက် ၃ ဆင့်တင်ပြီး ခေါင်းလောင်းပုံစေတီ ပေါက်ထားသည်။ စေတီကို ခေါင်းလောင်းအနား၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာလှန်၊ ရွဲလုံး၊ ကြာမှောက်၊ ငှက်ပျောဖူးစသည်ဖြင့် ထီးတော်အထိအဆင့်ဆင့် တည်ထားသည်ကို တွေ့ရှိရပါသည်။ ဖောင်းရစ် ၁၇ ရစ်ပါရှိပြီး ခေါင်းလောင်းပုံ၏ အရှေ့ဘက်တွင် မုခ်ထွက်ဆောင်ပုံစံနှင့် ဆင်းတုတော်တစ်ဆူ၏ ဦးခေါင်းတော်ကို အပူဇော်ခံထားသည်ကို တွေ့ရှိပါသည်။ ထို့အပြင် ယင်း၏အရှေ့တွင် မုခ်တံကဲအတွင်း တိုးထွက်ပလ္လင်ပေါ်တွင် ဆင်းတုတော်တစ်ဆူနှင့် အခြားဆင်းတုတော်ငယ်များစွာကို အပူဇော်ခံထားပါသည်။ ၄င်း၏ ရှေ့လက်ယာဘက်တွင် အလျား  ၅ ပေ ၁ လက်မ နှင့် အနံ ၃ ပေ ၄ လက်မ ရှိသော လေးထောင့် အုတ်ခုံငယ်ပေါ်တွင် အမြင့် ၂ ပေ ၈ လက်မခန့်ရှိသော ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည့် ဆင်ရုပ်မှ စေတီတော် ကိုပူဇော်နေဟန်ဖြင့် လည်း လေ့လာတွေ့ရှိရပါသည်။