သီဟိုဠ်ရှင်မြတ်စွာဘုရား

Listing Description

ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်တွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးထံသို့ သီဟိုဠ်ဘုရင်ဆက်သသော ဆင်းတုတော်မြတ် ဖြစ်ပါသည်။ ဆင်းတုတော်တွင် မဟာဗောဓိ၊ စန္ဒကူး၊ သရက္ခန်၊ သပြေ၊ ထင်းရှူး၊ ကသစ်၊ ကုက္ကို၊ သခွတ်၊ ထိန်၊ နံ့သာမျိုး ဟူ၍ သစ်သားပေါင်း ၁၀ မျိုးပါဝင်ပြီး မွေတော်ဓာတ်တော်များ ဌာပနာထားသည်ဟု သိရပါသည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၁ တောင် ၂ မိုက်ရှိပါသည်။ ဆင်းတုတော် တည်ထားကိုးကွယ်ထားရာ ဂန္ဓကုဋိစေတီတော်ကို အလောင်းစည်သူမင်းကြီးက သက္ကရာဇ် ၄၇၉ ခုနှစ် တန်ဆောင်မုန်းလတွင် စတင်တည်ဆောက်၍ ၎င်းနှစ် နှောင်းတန်ခူးလတွင် ပြီးစီးခဲ့သည်။ သက္ကရာဇ် ၁၁၇၈ ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်နေ့တွင် ဂန္ဓကုဋိစေတီတော်ကို မြင်သာရွာအုပ်ကြီးက မွမ်းမံပြုပြင်၍ ထီးတော်အသစ်တင်လှူခဲ့ပြီး သီဟိုဠ်ရှင်ဆင်းတုတော်နှင့် ပမာဏတူ ရုပ်ပွားတော်နှစ်ဆူ ထုလုပ်ကာ သီဟိုဠ်ရှင်ဆင်းတုတော်အား လက်ဝဲလက်ယာ ရံထားပူဇော်ခဲ့သည်။ ၁၂၈၄ ခုနှစ် ဝါဆိုလဆုတ် ၈ ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် မိုးပြာရွာ ဒေါ်လေးကြီး မိသားစုက ဂန္ဓကုဋိစေတီတော်ကို ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ ဂန္ဓကုဋိစေတီတော်သည် ဖိနပ်တော် အလျားအနံ ၅၅ တောင်ရှိပြီး ဉာဏ်တော်မှာ ထီးတော်အထိ ၇၄ တောင် မြင့်သည်။ ၁၃၃၇ ခုနှစ် ဝါဆိုလဆန်း ၁ ရက်နေ့တွင် ငလျင်ဘေးဒဏ်ကြောင့် စိန်ဖူးတော်ကြီး မြေခပျက်စီးသဖြင့် ၁၃၄၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက်နေ့တွင် ငှက်မြတ်နားနှင် စိန်ဖူးတော်ကြီးတို့ကို အသစ်တစ်ဖန် တင်လှူခဲ့ပါသည်။ ရှေးအခါက သီဟိုဠ်ရှင်ဆင်းတုတော်မြတ်ကို ပူဇော်ထားရှိရာတွင် အနုပညာလက်ရာမြောက်သော တံကဲတော်ပလ္လင်တစ်ခုရှိခဲ့ပြီး ၁၉၅၅ ခုနှစ်ဝန်းကျင်တွင် မီးသင့်ခဲ့ရသဖြင့် ကျွန်းသားတန်ဆောင်းအပါအဝင် တံကဲတော်ကြီးပါ ဆုံးရှုံးခဲ့ရသည်။ မူလတံကဲတော်၏ ပုံတော်ကို အာရုံခံတန်ဆောင်းအတွင်း၌ ပြသထားရှိပါသည်။