သျှစ်သောင်းပုထိုးတော်ကြီး

Listing Description

ရခိုင်ပြည်နယ် မြောက်ဦးမြို့၏မြောက်ဘက် တစ်မိုင်အကွာရှိ ဖိုးခေါင်တောင်ခြေ၊ ရခိုင်ရိုးမတောင်တန်း၏ အနောက်တောင်ဘက်တွင်ရှိသည်။ ခရစ်နှစ် ၁၅၃၅ ခုနှစ်တွင် မင်းဗာကြီးဘုရင်မင်းမြတ် တည်ခဲ့သည့် အကြီးဆုံး သုံးဘက်ပိတ် အဆောက်အအုံဖြစ်သည်။ ပုထိုးတော်ကြီးတွင် ဘုရားရှင်၏ ဓာတ်တော် ၈၄၀ဝဝ နှင့် နောင်ပွင့်တော်မူမည့် ဘုရား ၈၄၀ဝဝ ရုပ်တုများ ဌာပနာထားသဖြင့် သျှစ်သောင်းပုထိုးတော်ကြီးဟု အမည်တွင်ခဲ့သည်။ အင်္ဂါ ၁၂ မြို့နှင့် ပေါ်တူဂီရေတပ်ကို အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် တည်ထားသောကြောင့် ရန်အောင်ဇေယျ ပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ကြောင်း သိရပါသည်။ အရှေ့မုခ်တစ်ခုသာရှိ၍ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်ကို မဟာရံတံတိုင်းဖြင့် ပိတ်ထားခဲ့သည်။ ပုထိုးတော်ကြီးကို ကြီးမားသော သဲကျောက်တုံးများဖြင့် သပ်စီပေါင်းမိုးများ ပြုလုပ်လျက် ဝင်္ကဘာလိုဏ်ငါးထပ် ဆောက်လုပ်ခဲ့ကာ ဓာတ်တော်တိုက်သည် ကုဗပုံသဏ္ဌာန်ဖြစ်သည်။ ပုထိုး၏အပြင်နံရံအတွင်း၌ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၂၈ ဆူကို မုခ်ကပ် ၂၈ ခုတွင် ကျောချင်းကပ်လျက် ပူဇော်ထားသည်။ လိုဏ်ဂူနံရံ မဏ္ဍိုင်ငါးရပ်တွင် ဘုရားလောင်းဘဝဖြစ်တော်စဉ်များ၊ ဇာတ်နိပါတ်များနှင့် ရခိုင်ရာဇဝင်များမှ ဇာတ်ရုပ်များ၊ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ ကျေးငှက်တိရစ္ဆာန်ရုပ်များကို ထုလုပ်ထားသည်။ တီးမှုတ်ကခုန်နေသည့်လူများ၊ ဆင်ဖမ်းနေပုံများ၊ ရခိုင်ရိုးရာကျင်ကစားနေပုံ ရုပ်လုံးရုပ်ကြွများအပြင် ဆံပင်ကို ရေညှစ်နေသည့် မြေစောင့်နတ်သမီး ဝသုန္ဒြေ ကျောက်ဆစ်ရုပ်ကို တွေ့ရှိနိုင်သည်။ အနောက်ဘက်၊ တောင် ဘက်နှင့် မြောက်ဘက်မျက်နှာများတွင်ရှိသည့် အရံစေတီ များအကြားတွင် ကျောက်ချပ်ကြီးများဖြင့် ရုပ်လုံး၊ ရုပ်ကြွများကို တန်ဆာဆင်၍ ပုထိုးတော်ကြီး၏ အပေါ်ဆုံးတွင် ဗြဟ္မာနတ်ရုပ်များကို စိုက်ထူထားသည်။ ဗဟို ဂန္ဓကုဋီတိုက်တွင်း၌ ဉာဏ်တော်ရှစ်ပေခန့်မြင့်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ဂန္ဓကုဋီတိုက်သည် ပေ ၃ဝ မြင့်၍ အမိုးထောင့် လေးထောင့်တွင် စေတီလေးဆူရှိသည်။ အလယ်တွင် ခေါင်းလောင်းပုံ၊ ထီး စသည်တို့ပါသော ဉာဏ်တော် ပေ ၆ဝ မြင့်သည့် စေတီတော်ကြီးထီးထီး တည်လျက်ရှိသည်။ စေတီတော်ကြီး၏လက်ရာမှ ဟိန္ဒူဗိသုကာနှင့် အနုပညာလက်ရာများဖြစ်သည်။ စေတီတော်ကြီးသို့အတက် ၁၆ ပေမြင့်သောနေရာရှိ မုခ်ဝတွင် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ (MOWCAP) ၏ အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံထားရသည့် အာနန္ဒစန္ဒြကျောက်စာတိုင်ကိုလည်း ကြည့်ရှုလေ့လာနိုင်သည်။