မြတန်ဆောင်းစေတီတော်များ

Listing Description

မြောက်ဦးမြို့ လေးမျက်နှာပုထိုးတော်ကြီး၏ မြောက်ဘက် ပေ ၅၀၀ ခန့်အကွာရှိ ၄၁ ပေခန့်အမြင့်ရှိသော တောင်ကုန်းနှစ်ခုပေါ်၌ အရှေ့မြတန်ဆောင်စေတီးနှင့် အနောက်မြတန်ဆောင်းစေတီဟူ၍ အသီးသီးတည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၁) တွင် ဘုရင်မင်းစောမွန်သည် မြောက်ဦးမြို့တည်ဘုရားများအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ စေတီနှစ်ဆူလုံးမှာ အရွယ်အစားနှင့် ပုံသဏ္ဌာန်တူညီကြပြီး စေတီတော်တစ်ဆူစီ၏ အောက်ခြေလုံးပတ်မှာ ပေ ၁၂၀ ရှိပြီး ဉာဏ်တော်အမြင့် ပေ ၅၀ ရှိသည်။ စေတီတော်များ၏ ဂူအတွင်း၌ ဉာဏ်တော်အမြင့် ၆ ပေခန့်ရှိ ကျောက်ဆင်းတုတစ်ဆူစီ ရှိပါသည်။ စေတီတော်တစ်ဆူလျှင် သမုတ်သိမ်တစ်ခုစီရှိပြီး ရင်ပြင်ပေါ်သို့ တက်ရောက်ဖူးမြော်ရန် အရှေ့မြောက်နှင့် အနောက်ဘက်တို့တွင် ကျောက်အုတ်လှေကားများရှိသည်။ အရှေ့မြတန်ဆောင်းစေတီကုန်းသည် နှစ်ထပ်ဖြစ်ပြီး စေတီတော်၏ ဂန္ဓကုဋီတိုက်အတွင်း အလင်းပေါက် ၆ ခုရှိကာ သပ်စီပေါင်းမိုးထားသည်။ စေတီတော်များ၏ မြောက်ဘက်တောင်ခြေ၌ ဘုရင်မင်းစောမွန် ဆောက်လုပ်လှူဒါန်းခဲ့သည့် မြတန်ဆောင်းကျောင်းတော်ရာ တည်ရှိသည်။