သီရိမြန်မာစွယ်တော်မြတ်စေတီ

Listing Description

သီရိမြန်မာစွယ်တော်မြတ်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝန်းသို-ကျောက်တန်း ကားလမ်းမကြီးဘေး၊ ညောင်ပင်သာကျေးရွာ၏မြောက်ဘက် တောင်ရိုးပေါ်တွင် တည်ရှိပါသည်။ ဆွီဒင်ဥရောပသာသနာပြုဆရာတော် ဦးသောဘဏနှင့် ညောင်ပင်သာကျေးရွာ ဉာဏိကာရာမကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်မေတ္တာစာရတို့ ညီနောင်နှစ်ပါးက သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ မြတ်ဗုဒ္ဓဘုရား၏ အောက်လက်ဝဲစွယ်တော်ပွားကို ပင့်ဆောင်၍ ၂၀၁၇ ခုနှစ် ဇွန် ၁၀ ရက်နေ့၌ ညောင်ပင်သာကျေးရွာအနီး ပိန်းကန်တောင်ရိုးပေါ်တွင် သီရိမြန်မာ စွယ်တော်မြတ်စေတီတည်ထားကာ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်း စွယ်တော်မြတ် ကိန်းဝပ် တည်ထားခဲ့သည်ဟု သိရပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ပွား ကိန်းဝပ်စံပယ်တော်မှုလျက်ရှိသည့် သီရိမြန်မာစွယ်တော်မြတ်စေတီ တောင်ရိုးပေါ်တွင် စွယ်တော်နန်းကျောင်းတိုက်၊ ပဉ္စဝင်္ဂီ ငါးဦးရုပ်ပွားတော်နှင့် အဘယမေတ္တာလာဘမုနိ (ဆုတောင်းပြည့်ဘုရား)တို့ကို တည်ထားကိုးကွယ်ထားပါသည်။ ထို့ပြင် တောင်ရိုးပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် ကျောက်တုံး၊ ကျောက်လိုဏ်ဂူများ၊ တောတောင်ရှုခင်း၊ သဘာဝ ပတ်ဝန်းကျင်များကိုလည်း သာယာကြည်နူးဖွယ် တွေ့မြင်ခံစားနိုင်ပါသည်။