ထာဝရငြိမ်းချမ်းရေးစေတီ

Listing Description

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ရှိသည်။ စေတီတော်အား ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်မှုဖြင့် ၁၃၈၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၁ ရက် (၁၀-၅-၂၀၁၈) နေ့တွင် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပပြီး စတင်တည်ဆောက်ခဲ့ရာ ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့် (၁၁-၁၁-၂၀၁၉) နေ့တွင် ရွှေထီးတော်အထွတ်တင် မဟာမင်္ဂလာအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေ၊ ရင်ပြင်တော်အကျယ် ၃၀၆ ပေရှိပြီး ပုဂံရှိအာနန္ဒာစေတီတော်ပုံစံ ဗိသုကာဟန်ကို အခြေခံ၍ ခေတ်ဗိသုကာဟန်များနှင့် ပေါင်းစပ်ကာ ကြည်ညိုဖွယ်ရာ တည်ဆောက်ထားပါသည်။ အရံစေတီတော် ၈၀ ဆူပါရှိကာ ဂန္ဓကုဋိတိုက် အတွင်းအပြင်နံရံများကို စကျင်ကျောက်သားများဖြင့် ကာရံထားပြီး အမြင့် ၇၄ ပေရှိ တံခွန်တိုင်အား စကျင်ကျောက်သားများဖြင့် ထုလုပ်ထားသည်။ ပင်မရွှေထီးတော်ကြီးနှင့် အရံစေတီရွှေထီးတော် ၈၀ လုံးကို ရွှေစင်ရွှေသား ရွှေအစစ်များဖြင့် ကပ်လှူ ပူဇော်ထားပါသည်။ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကိုလည်း အလားတူ ရွှေစင် ရွှေသားရွှေအစစ်များ ကပ်လှူထားသည့်အပြင် ရတနာစိန်ဖူးတော်တွင် စိန်သားစစ်စစ်ဖြင့် စီခြယ်လှူဒါန်းထားပြီး အရည်အသွေး စစ်မှန်ကောင်းမွန်သည့် ကျောက်မျက်ရတနာမျိုးစုံတို့ဖြင့် စီခြယ်ပူဇော်ထားပါသည်။ စေတီတော်လိုဏ်အတွင်း ဗဟိုမဏ္ဍိုင်၏ အရပ်လေးမျက်နှာတွင် မုဒြာဟန်အမျိုးမျိုးဖြင့် ထိုင်တော်မူ ရပ်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်လေးဆူ ကိန်းဝပ်လျက်ရှိသည်။ စေတီတော်ရင်ပြင်မဟာရံ တံတိုင်းထက်ရှိ စိန်တောင်များတွင် တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအသုံးအဆောင်ပုံများ၊ မြန်မာ့ဓလေ့ကျေးလက်ပုံများ၊ မြို့ပြပုံစံများ သစ်သီးပေါင်းစုံပုံများ၊ ပန်းမျိုးစုံပုံ၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းသုံး ယာဉ်များ၊ တောင်သူလယ်သမားများ၏ လုပ်ငန်းသုံးပစ္စည်းမျိုးစုံပုံများ စသည့်ဖြင့် သိမှတ်ဖွယ်ရာ သရုပ်ပြပုံများကို မြန်မာမှုပန်းတော့ပညာရပ်ဖြင့် ဆန်းသစ်စွာ တည်ဆောက်ထားပါသည်။ စေတီတော်၏ မုခ်ဦးလှေကားလေးစင်းတွင် အရှေ့ဘက်မုခ်ဦး၌ ရွှေဥဒေါင်းမင်းပုံ၊ တောင်ဘက်မုခ်ဦး၌ ရွှေဟင်္သာမင်းပုံ၊ အနောက်ဘက်မုခ်ဦး၌ နဂါးမင်းပုံနှင့် မြောက်ဘက်မုခ်ဦး၌ ရွှေငုံးမင်းပုံ ရုပ်တုများ စီမံထုလုပ်ထားပါသည်။