သံသရာအေးစေတီတော်

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ သပြေရွာအနီး သပြေတောင်ထိပ်တွင် တည်ရှိပါသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးသည် ဤဒေသသို့ ကြွရောက်လာခဲ့ပြီး ဒေသခံများ၏ တောင်းပန်လျှောက်ထားချက်အရ မတ်လ ၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်၍ အများပြည်သူစုပေါင်းအလှူငွေဖြင့် စေတီတော် စတင်တည်ထားခဲ့ရာ ၁၉၉၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ထီးတော်တင်လှူပြီးစီးခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၆၇ ပေ ၆ လက်မရှိပြီး စေတီတော်၏ ပုံသဏ္ဌာန်မှာ ဂန္ဓကုဋိတိုက်ဖြင့် ရှစ်မျက်နှာစေတီဖြစ်ပါသည်။ ဂန္ဓကုဋိတိုက်အတွင်း ရုပ်ပွားတော်ရှစ်ဆူမှာ ဂြိုဟ်ခွင်အလိုက် သီတင်းသုံးတော်မူလျက်ရှိပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ၌ စည်ကားစွာ ကျင်းပပါသည်။