နရတ်စားဘုရား (ခေါ်) ရခိုင်တန်ဆောင်ဘုရား

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်တောင်ဘက် မိုင်ဝက်ခန့်အကွာ၊ မြို့သစ်ရပ်ကွက်၏ ဝင်လမ်းလက်ယာဘက်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၈၃၃ ခုနှစ် (ခရစ်နှစ် ၁၄၇၁) တွင် ဘစောဖြူမင်း၏ ယောက္ခမတော် အခါတော်ပေးအမတ်ကြီး နရတ်စားက တည်ထားသဖြင့် "နရတ်စားဘုရား" ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့သည်။ သိမ်တော်ထဲတွင် ဉာဏ်တော်အမြင့် ၇ ပေခွဲခန့်ရှိသော ကျောက်ဆင်းတုတော်တစ်ဆူကို အရံဆင်းတုတော် ၂ ဆူနှင့်အတူ ဖူးတွေ့ရပါသည်။ ဘုရားပလ္လင်ကိုကျောက်ဖြင့် ထုလုပ်ကာ ကြာပန်းပုံကျောက်ဆစ်လက်ရာဖြင့် ထုဆစ်အလှဆင်ထားသည်။ သျှင်တေဇောသာရ ရေးစပ်သော ရခိုင်ဘုရင်မင်းသုဒ္ဓေါလျာ၏ သမီးတော် စောနန်းမင်းဖြူ၏အလှအား ချီးကျူးသည့်ရတုတွင် မင်းသမီးအား "ရခိုင်တန်ဆောင်" ဟု တင်စားဆိုထားသည်ကို မင်းသမီးကနှစ်သက်၍ ထိုအချိန် သူမဖူးမြော်နေသော နရတ်စားဘုရားကို "ရခိုင်တန်ဆောင်ဘုရား"ဟု ဘွဲ့အမည်ပေးခဲ့သည်။ ရှေးအခါက ကျောက်ဂူရှိခဲ့သော်လည်း ပြိုပျက်ခဲ့ပြီးဖြစ်၍ သိမ်ဆောက်လုပ်ထားသည်။ ကြာခံပလ္လင်ပေါ်တွင် ဉာဏ်တော် ၅ ပေခန့်အမြင့်ရှိ ဆင်းတုတော်တစ်ဆူနှင့် အရံဆင်းတုတော်များကို ဖူးမြော်နိုင်ပါသည်။