သျှစ်သောင်းပုထိုးတော်ကြီးရှိ အာနန္ဒစန္ဒြကျောက်စာ

Listing Description

မြောက်ဦးမြို့၏မြောက်ဘက် တစ်မိုင်အကွာရှိ သျှစ်သောင်းပုထိုးတော်ကြီးသို့အတက် ၁၆ ပေ မြင့်သောနေရာရှိ မုခ်ဝတွင် စိုက်ထူထားရှိပါသည်။ အာနန္ဒစန္ဒြကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယမြောက်ပိုင်းသုံး ရှေးအက္ခရာများဖြင့် ကျောက်တိုင်တစ်တိုင်တည်းတွင် အေဒီ ၆၀၀ မှ အေဒီ ၁၀၀၀ အတွင်း အနှစ် ၂၀၀ မျှစီခြား၍ ဗြာဟ္မီပွား အက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါးသော ကျောက်စာတိုင် ဖြစ်သည်။ ကျောက်စာတိုင်ပါ စာသုံးမျိုးအနက် ရှေးအကျဆုံးမှာ အရှေ့ဘက်မျက်နှာစာဖြစ်သည်။ ရခိုင်မင်းဆက်များ အကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေးထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသောမင်း၏ အကြောင်းကို ကြေညာသော ဩဘာစာဖြစ်သည်။ အာနန္ဒစန္ဒြကျောက်စာထက် စော၍ရေးထိုးသော အိန္ဒိယကျောက်စာများတွင် ဘေးတော်၊ ဘိုးတော်တို့ အကြောင်းရေးထိုး ထားသော်လည်း နန်းစံနှစ် မပါရှိချေ။ အာနန္ဒ စန္ဒြကျောက်စာမှာမူ ဘေးတော်၊ ဘိုးတော် အကြောင်းအပါအဝင် နန်းစံနှစ်များကိုပါ ရေးထိုးထားသော ကျောက်စာထဲတွင် အစောဆုံးကျောက်စာတိုင် တစ်တိုင်ဖြစ်သည်။ ၆၆ ဂါထာတည်းဖြင့် ဝေသာလီခေတ် ရခိုင်မင်းဆက်များ၏ နန်းစံနှစ်များနှင့်တကွ ဖော်ပြထားသော ကျောက်စာဖြစ်သည်။  အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးတွင် အာနန္ဒစန္ဒြကျောက်စာကို အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။