ဦးရာဇ်တော်ဓာတ်စေတီ

Listing Description

ဦးရာဇ်တော်ဓာတ်စေတီတော်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းတစ်ဖက်ကမ်းရှိ အမြင့် ၁၈၈ ပေမြင့်သည့် သေလာပိဋ္ဌိပဗ္ဗတောင်ထိပ်ပေါ်တွင် တည်ရှိပါသည်။ ဦးရာဇ်တော်စေတီသည် ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် စေတီတော်များတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ ထိုမွေတော်ငါးရပ်စေတီများမှာ မင်းပြားမြို့ ကျိန်းတောင်စေတီ၊ မြောက်ဦးမြို့ ဝေသာလီဘုရားကြီး၊ ကျောက်တော်မြို့ ကျောက်ရိုးစေတီ၊ ပလက်ဝမြို့နယ် ဥဿလင်းစေတီ၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်စေတီတို့ဖြစ်ပါသည်။ သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းကြီးနှင့် မိဖရားရုစိတာတို့က မြတ်စွာဘုရားရှင်၏ ဦးခွံတော်မှ ကြွင်းကျန်သော ဦးရာဇ်တော်ဓာတ်ကို ဋ္ဌာပနာ၍ နွားလားဥဿပတစ်မော့ (၆ တောင် ) လုံပတ် မင်းလံ ၂၀ ရှိ ဤဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ရခိုင်ဘုရင်မင်း အဆက်ဆက်က မွမ်းမံကုသိုလ်ပြုလာခဲ့ကြသည်။ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဖလောင်းရာဇာနှင့် မိဖုရားစောမဲကျီတို့သည် ကောဇာသက္ကရာဇ် ၉၅၃.ခုနှစ် (အေဒီ-၁၅၉၁) တွင် ယခင်စေတီကို ကျောက်ညို၊ ကျောက်သားအတိဖြင့် အမြင့်သံတောင် ၁၀၀ (ပေ- ၁၅၃)၊ လုံးပတ်တော် မင်းလံ ၈၀ (ပေ ၄၀၀) ရှိ စေတီတော်ကို ပြုုပြင်မွမ်းမံ တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်ကြီးအတွင်း၌ ရွှေပြားတင်ထားသော ပိဋကတ်သုံးပုံ၊ အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်များကို ဌာပနာခဲ့ပါသည်။ ထို့ပြင် မိဖုရားစေားမဲကျီ၏ ပြည်တန်မျက်ရှက် ပတ္တမြားကိုလည်း စေတီတော်ကြီး အထက်ဌာပနာတိုက်တွင် ထည့်သွင်းတည်ထားကိုးကွယ်ပူဇော်ထားပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် မတ်လတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ ယခုအခါ စေတီတော်ရင်ပြင်တော်ပေါ်သို့ ဓာတ်လှေကားဖြင့်လည်းတက်ရောက်ဖူးမြော်နိုင်ပါသည်။ ဤဦးရာဇ်တော်ဓာတ်စေတီတော် ဓာတ်လှေကားမှာ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းဘုရား၊ စေတီတို့တွင် ပထမဆုံး တည်ဆောက်ခဲ့သော ဓာတ်လှေကား  ဖြစ်ပါသည်။