လွမ်းစေတီ (ခေါ်) လက်ယာအာကျိတ်တော်ဓာတ်စေတီ

Listing Description

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ အနောက်မြောက်ဘက်၊ ကဏန်းတောင်ကျေးရွာ မြောက်ဘက်ရှိ ပေ ၁၀၀ ကျော်ခန့်မြင့်သော မေဃဂီရိပဗ္ဗတတောင်ထိပ်ပေါ်တွင် တည်ရှိသည်။ သူရိယစက္ကမင်းကြီးနှင့် မိဖုရားရုစိတာဒေဝီတို့ ဘုရားရှင်၏ လက်ယာအာကျိတ်တော်ဓာတ်ကို ဌာပနာ၍ တည်ထားခဲ့သောကြောင့် "လက်ယာအာကျိတ်တော်ဓာတ်" စေတီဟု အမည်သမုတ်ခဲ့သည်။ ယင်းနောက်ပိုင်း မြောက်ဦးခေတ်အစောပိုင်းတွင် ပြည်နှင်ဒဏ်ခံရသော ဘုရင့်သားတော်တစ်ပါး လက်ယာအာကျိတ်တော်ဓာတ်စေတီတော်နှင့် မနီးမဝေးရှိ တောင်ခြေအနီးတွင် မျှော်စင်တစ်ခုကို တည်ဆောက်ကာ မိမိရပ်ဌာနေ မြောက်ဦးမြေအား မျှော်မှန်း တမ်းတလွမ်းဆွတ်ခဲ့သည်ကို အကြောင်းပြု၍ လက်ယာအာကျိတ်တော်ဓာတ်စေတီတော်ကို 'လွမ်းစေတီ' ဟု ခေါ်တွင်ခဲ့ကြသည်ဟုသိရပါသည်။ နှစ်ကာလကြာမြင့်စွာ ရာသီဥတု၏ ဆိုးရွားမှုဒဏ်ကြောင့် စေတီသည် တစ်စစီပြိုကျပျက်စီးသွားခဲ့ပြီး ခြုံနွယ်များ ဖုံးအုပ်နေခဲ့သည်။ ပျက်စီးနေသောစေတီတော် ခါးပန်းအနီးမှ ကြေးဘုရားဆင်းတုတော်များနှင့် ခရေပွင့် သဏ္ဌာန်ရှိ ဓာတ်တော်များရရှိခဲ့ပြီး ခြုံနွယ်များ ရှင်းလင်းရာမှ ကျောက်တိုင်ငယ်တစ်ခုနှင့် ထိုကျောက်တိုင်ငယ်ရှိ အံပေါက်ငယ်အတွင်း စိန်ဘုရား၊ မြဘုရား အပါအဝင် ရွှေဘုရားဆင်းတုတော်များနှင့် ဇမ္ဗုပတိမင်းချွတ်ခန်း ဘုရားပုံတော်များ အများအပြားတွေ့ရှိခဲ့ကြသည်။ သို့ဖြင့် ကဏန်းတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကြီးဦးဆောင်၍ ဒကာ၊ ဒကာမများစုပေါင်းကာ ကောဇာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊ တပေါင်းလဆန်း ၁ဝ ရက်၊ စနေနေ့တွင် ယင်းစေတီတော်ဟောင်း နေရာ၌ ရရှိထားသော ဓာတ်တော်များ၊ ဘုရားဆင်းတုတော်များ ဌာပနာ၍ စေတီတော်အသစ် တစ်ဆူကို ပြန်လည်တည် ထားကိုးကွယ်ခဲ့ကြသည်။ စေတီတော်၏အမြင့်မှာ ၄၈ ပေရှိပြီး အောက်ခြေဖိနပ်တော်အကျယ်အဝန်းမှာ ၄၂ ပေရှိကာ အောက်ခြေပန်းတင်ခုံပေါ်တွင် အရံစေတီငယ် ရှစ်ဆူရှိပါသည်။ ထို့နောက် ကောဇာ သက္ကရာဇ် ၁၃၆၈ ခုနှစ်၊ တပေါင်း လဆန်း ၁ဝ ရက်၊ တနင်္ဂနွေနေ့တွင် သံတွဲမြို့နယ်၊ အောက်နန်းမော်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင် ခန္တီမထေရ်မြတ်ဦးဆောင်၍ ဒကာ၊ ဒကာမများစုပေါင်းကာ စေတီတော်အား အမြင့် ၅၄ ပေ သို့တိုးမြှင့်ပြီး အောက်ခြေဖိနပ်တော်အကျယ်လည်း ၅၄ ပေသို့ တိုးချဲ့ပြုပြင်မွမ်းမံ တည်ထားခဲ့ကြသည်။