တမုတ်ရှင်ပင်ရွှေဂူကြီးစေတီ

Listing Description

တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ အနောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ ကျောက်ဆည်-တံတားဦးကား လမ်းတောင်ဘက်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် တည်ရှိပါသည်။ ဉာဏ်တော် ပေ ၆၀ ၊ အောက်ခြေ အုပ်ဖိနပ် အကျယ် ပေ ၉၀ ရှိ တမုတ်ရှင်ပင်ရွှေဂူ စေတီကြီးကို ပုဂံခေတ် အေဒီ ၁၁ ရာစုခန့် အနော်ရထာမင်း လက်ထက်က စေတီအဖြစ်တည်ခဲ့ပြီး နရသီဟပတေ့စည်သူမင်း လက်ထက်တွင် ဂူဘုရားအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု ရှေးဟောင်းပညာရှင်များ အဆိုအရ သိရသည်။ ပုဂံခေတ်လွန် ၁၄ ရာစု ပင်းယခေတ် ဥဇနာမင်း လက်ထက်တွင် မူလဂူဘုရားကို အုပ်မိုးပြီး ရွှေစည်းခုံပုံစံ စေတီသစ်တဆူ ထပ်မံတည်ခဲ့ရာ ပုဂံခေတ်လက်ရာများ ပျောက်ပျက်ခြင်း မရှိစေရန် ကြားခံအဖြစ် ရွှံ့စေးမြေများဖြင့် ဖုံးအုပ်တည်ဆောက်ခဲ့ပါသည်။ ထို့ကြောင့် နှစ်ပေါင်း ၁၄၀၀ ခန့် ကြာမြင့်သော်လည်း ခြင်္သေ၊ ကိန္ဒရာ၊ ဘီလူး၊ မနုသီဟနှင့် ပန်းကနုတ် လက်ရာများမှာ အကောင်း ပကတိရှိပြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားများထက်ပင် ပိုမိုကောင်းမွန်သည်ဟု သိရပါသည်။ ရှေးဟောင်းလက်ရာများ ပေါင်းစပ်ထားသည့် စေတီတော် ဖြစ်သကဲ့သို့ ပုဂံခေတ် အင်္ဂတေလက်ရာပန်းများ၊ ကျောက်ဆင်းတုများ၊ ငါးရာငါးဆယ်ဇာတ်တော် အင်္ဂတေဖြင့် ပုံဖော်ထားသည့် ဇာတ်ရုပ်များမှာ မူလလက်ရာအတိုင်းပင် တည်ရှိနေပြီး ဘုရားပရဝုဏ်ကို ကာရံထားသည့် တံတိုင်းများမှာ အကောင်းပကတိ တည်ရှိနေပါသည်။ တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော် တည်ရှိရာ ပရိဝုဏ်ကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ (Ancient Monumental Zone) အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သတ်မှတ်ခဲ့ပါသည်။