ဘဲငါးရာတောင်

Listing Description

ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် ၁၇ မိုင်ခန့်အကွာ၊ ယိုးတရုပ်ကျေးရွာ၏ အနောက်တောင်ဘက်၊ ရန်ကုန် - စစ်တွေကားလမ်း၏ အနောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ပါးစပ်ရာဇဝင်များအရ အဆိုပါတောင်တွင် ရတနာသိုက်များရှိပြီး ထူးခြားသည့်တောင်ဟု ဆိုကြသည်။ အမြင့်ပေ ၁၃၆၁ ပေရှိပြီး တောင်ထိပ်မှာ တောင်ကလပ်ပုံစံရှိသည်။ တောင်ကလပ်သည် တောင်မြောက်အရှည် ၅၃ ပေနှင့် အကျယ် ၄၅ ပေရှိသည်။ တောင်ဘက်ပိုင်းတွင် မတ်စောက်နေပြီး မြောက်ဘက်သို့ ဆင်ခြေလျှောသဖွယ် ရှိသည်။ ထိုတောင်သည် ကစ္ဆနဒီမြစ်၏ အနောက်ဘက် မင်းကြီးတောင်တန်းတွင် ပတ်ဝန်းကျင် တောင်များထက် မြင့်နေပြီး ယိုးချောင်းကမ်းခြေနှင့် စမ္မတီးချောင်း ကမ်းခြေကြားတွင် တည်ရှိသည်။ သက္ကရာဇ် ၁၆၀၄ ခုနှစ်တွင် မြောက်ဦးခေတ် ဘုရင်မင်းရာဇာကြီးသည် မိဖုရား ပီဇလာဒေဝီနှင့်အတူ ဘဲငါးရာတောင်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်မွေတော် ဌာပနာများအပါအဝင် စေတီ ၄၇ ဆူကို တည်ထား ကိုးကွယ်ထားခဲ့သည်ဟု အဆိုရှိသည်။  ဘဲငါးရာတောင်တက်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေတွင် ကျင်းပသည်။ တောင်တော်သို့ တက်ရောက်ရန် အလွယ်ဆုံးလမ်းကြောင်း သုံးခုရှိသည်။ ယင်းတို့မှာ ယိုးတရုပ် - ရှင်တော် - ဘဲငါးရာ လမ်းကြောင်း၊ တောင်နားရွာ - ဘဲငါးရာလမ်းကြောင်းနှင့် ကြံခင်း -ဘဲငါးရာလမ်းကြောင်းတို့ ဖြစ်သည်။ ယိုးတရုပ် - ရှင်တော် - ဘဲငါးရာလမ်းကြောင်းမှာ တောင်စဉ် ဆင်ခြေလျှောအလိုက် သွားရပြီး လမ်းခရီးကြာချိန် ၄ နာရီခန့် ကြာတတ်သည်။ တောင်နားရွာ - ဘဲငါးရာလမ်းကြောင်းမှာ မတ်စောက်ပြီး လမ်းခရီးကြာချိန် ၂ နာရီကျော် ရှိသည်။ ယခုအခါတွင် တောင်နားရွာလမ်းမှာ ခရီးသည်အများဆုံးသွားရာ လမ်းကြောင်းတစ်ခုဖြစ်သည်။