ကျိန်းတောင်ဘုရား

Listing Description

မင်းပြားမြို့အနောက်ဘက် ၄၁၄ ပေအမြင့်ရှိသည့် ကျိန်းတောင်ထိပ်၌ တည်ရှိသည်။ ကျိန်းတောင်စေတီတော်သည် ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် စေတီတော်များတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ ထိုမွေတော်ငါးရပ်စေတီများမှာ ပလက်ဝမြို့နယ် ဥဿလင်းစေတီ၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီ၊ မြောက်ဦးမြို့ ဝေသာလီဘုရားကြီး၊ ကျောက်တော်မြို့ ကျောက်ရိုးစေတီ၊ မင်းပြားမြို့ ကျိန်းတောင်စေတီတို့ဖြစ်ပါသည်။ ဓညဝတီခေတ် သူရိယစက္ကမင်းကြီးသည် သီရိဓမ္မာသောကမင်းကြီးပေးပို့သော မြတ်စွာဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာ၍ စေတီတော်များ တည်ထားခဲ့ရာ ဤကျိန်းတောင်ဘုရားသည် မြတ်စွာဘုရားရှင်၏ လျှာရင်းတော်ဓာတ်ကို ဌာပနာ၍ တည်ထားခဲ့သည်ဟု သိရသည်။ ထို့နောက် ဝေသာလီခေတ် သာသနာသက္ကရာဇ် ၈ဝ၄ ခုနှစ် မဟာသီရိယာတိုင်းစန္ဒရားမင်းကလည်းကောင်း၊ သက္ကရာဇ် ၅၁၇ ခုနှစ် သီရိစန္ဒရားမင်းကလည်းကောင်း၊ ပုရိန်မြို့တော် ကောလိယမင်းကလည်းကောင်း၊ သက္ကရာဇ် ၇၅၉ ခုနှစ် မင်းစောမွန်ကလည်းကောင်း၊ မြောက်ဦးခေတ် စန္ဒဝိဇယဘွဲ့ခံ ကျိန်းဒုံးညိုကလည်းကောင်း ထပ်မံမွမ်းမံ ပြုပြင်ကိုးကွယ်ခဲ့ကြသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၂၆ တောင်၊ လုံးပတ်တော် ၅၃ တောင်ရှိသည်။