ဥဿလင်းစေတီတော်

Listing Description

ချင်းပြည်နယ် ပလက်ဝမြို့အထက် ၄၃ မိုင် အကွာ ဥဿလင်းချောင်းစီးဝင်ရာ ဥဿလင်းကျေးရွာ၏ အရှေ့ဘက် ကစ္ဆပနဒီမြစ်ကမ်း စေတီကိုင်း ကျေးရွာ၏ နောက်ခံတောင်တန်းရှိ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ရှေးအခါက ရခိုင်နယ်မြေတစ်ခုလုံးကို တိုင်းဒေသကြီး တစ်ဆယ့်နှစ်တိုင်း ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ဥဿလင်းတိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပညာရှိ သိုက်တက်ငလက်ရုံး၏ ဓညဝတီ တတိယလမ်းညွှန် မှတ်တမ်းအရ ဥဿလင်းမြို့သည်ဓညဝတီမြို့မှ ၁၇ တိုင်အကွာတွင်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်းဖော်ပြပါရှိသည်။ ဥဿလင်းစေတီသည် ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် စေတီတော်များတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ ထိုမွေတော်ငါးရပ်စေတီများမှာ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီ၊ မင်းပြားမြို့ ကျိန်းတောင်စေတီ၊ မြောက်ဦးမြို့ ဝေသာလီဘုရားကြီး၊ ကျောက်တော်မြို့ ကျောက်ရိုးစေတီ၊ ပလက်ဝမြို့နယ် ဥဿလင်းစေတီတို့ဖြစ်ပါသည်။ ဥဿလင်းစေတီတော်ကို သူရိယစက္ကမင်းက သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုသည်။ ဉာဏ်တော်အမြင့် ပေ ၄၀ ရှိပြီး ပွင့်တော်မူပြီးသော ကကုဿန်၊ ကောဏဂုဏ်၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရားလေးဆူ၏ ဓာတ်တော် လေးဆူ ကိန်းဝပ်သည်ဟုအဆိုရှိသည်။ စေတီတော်ကို ဝေသာလီ ကျောက်လှေကားခေတ် မဟာတိုင်းစန္ဒြားမင်း လက်ထက်တွင် တစ်ကြိမ်၊ လေးမြို့တော် ဒဿရာဇာမင်း လက်ထက်တွင် တစ်ကြိမ်နှင့် မင်းဖလောင်း လက်ထက်တွင် တစ်ကြိမ် အသီးသီးပြုပြင်မွမ်းမံခဲ့ပြီး ထိုမင်းများသည် နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်၌ မွေတော်ငါးရပ်ကို အဓိဋ္ဌာန်ဝင်ပြီး ပူဇော်ခဲ့ကြသည်။ နောက်ဆုံးတွင် ဥဿလင်းစေတီ၌ ကိုးရက် (သို့) ၄၅ ရက် ဥပုသ်ဆောင်ဝင်၍ အောင်မြေနင်း ကြသည်ဟုသိရသည်။ ၁၉၉၂- ၁၉၉၃ ခုနှစ်တွင် စေတီတော်ကို တစ်ဖန်ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ပြီး စေတီတော်ကြီး ပြန်လည်တည်ဆောက်ပြီးစီးသည့် နောက်တွင် ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်စွာဖြင့် အဝေးကပင် လှမ်းမြင်ဖူးတွေ့နိုင်ပါသည်။