စန္ဒမုနိဆင်းတုတော်

Listing Description

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အနောက်တောင်ဘက် ယခင်က ဗန္ဓုလကျောင်းဟုခေါ်ဆိုသော ယခုစန္ဒမုနိဘုရားကြီးကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည်။ ဆင်းတုတော်သည် ပဉ္စလောဟာ ခေါ် သတ္တုငါးမျိုး အချိုးညီစွာရောစပ်သွန်းလုပ်ထားသော ဆင်းတုတော်ဖြစ်ပြီး ဉာဏ်တော် ၄ ပေ ၁၀ လက်မ၊ ဒူးစွန်းနှစ်ဘက်အကျယ် ၄ ပေ ၈ လက်မ၊ ခါးလုံးပတ် ၄ ပေ ၁ လက်မ၊ လက်မောင်းတော်လုံးပတ် ၁ ပေ ၁၁ လက်မ၊ ပခုံးတော်အကျယ် ၂ ပေ ၁၀ လက်မ၊ ရင်အုပ်တော် ပတ်လည် ၅ ပေ ၁၀ လက်မ ရှိပါသည်။ ဓညဝတီခေတ်မှ သူရိယစက္ကမင်းကြီးသည် စန္ဒသူရိယမင်းကြီး မဟာမုနိဘုရား သွန်းပြီးနောက် ပိုလျှံသော ရတနာများကို ယူဆောင်ကာ စန္ဒမုနိ၊ သကျမုနိ၊ ဒေဝမုနိ၊ ရာဇမုနိ၊ စူဠမုနိ ဟူ၍ ဆင်းတုငါးဆူ သွန်းလုပ်ပူဇော်ခဲ့ပါသည်။ မဟာမုနိသွန်းပြီး ကျန်သောရတနာတို့ဖြင့် သွန်းလုပ်၍ မဟာကျန်ဆင်းတုတော်များဟု ခေါ်ဆိုကြသည်။ သူရိယစက္ကမင်းကြီးသည် ဆင်းတုငါးဆူကို မဟာမုနိဘုရားအနီး သင့်တော်သောနေရာများတွင် တည်ထားကိုးကွယ်ခဲ့ရာ စန္ဒမုနိဆင်းတုတော်လည်း တောင်ဦးရွာအနီးမှ ဒီပါပဗ္ဗတတောင်ကုန်းထက်တွင် တည်ရှိခဲ့ပါသည်။ မြောက်ဦးခေတ် ရောက်သောအခါ မင်းစောမွန်သည် စန္ဒမုနိဆင်းတုတော်ကို မြောက်ဦးသို့ ပင့်ဆောင်ကာ ဘားဘူတောင်၌ စေတီတော်တည်၍ တည်ထားကိုးကွယ်ခဲ့သည်။ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် အောက်မြန်မာနိုင်ငံနှင့် ရခိုင်ဒေသများအားလုံးသည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ နယ်ချဲ့တို့သည် ရခိုင်ပြည်နယ်ရှိ ကြေးဆင်းတုတော်များ၊ ကြေးခေါင်းလောင်းများကို ထုခွဲ ကြိုချက်ပြီး အမြောက်ဆံပြုလုပ်ကြသဖြင့် ကျန်ရှိသည် ဗုဒ္ဓကြေးဆင်းတုတော်များကို မဆုံးရှုံးစေရန် ဗုဒ္ဓဘာသာဝင်ပြည်သူများက ဗန္ဓုလကျောင်းတိုက်(ယခု စန္ဒမုနိကျောင်းတိုက်)ရှိ သိမ်တော်ကြီးအတွင်း ပင့်ဆောင်၍ ဆင်းတုတော်တစ်ခုလုံး အင်္ဂတေများ လိမ်းကျံပြီး ဝှက်ထားခဲ့ပါသည်။ ဆင်းတုတော်ကြီးမှာ အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပ္ပါယ်လျက်ရှိနေပြီး နှစ်ပေါင်း ၁၀၀ ခန့်အကြာ ကောဇာသက္ကရာဇ် ၁၃၅၀ ခုနှစ် ကဆုန်လဆန်း ၂ ရက်၊ (၁၉၈၈ ခုနှစ်၊ ဧပြီလ ၂၇ရက်၊ တနင်္ဂနွေနေ့)တွင် ဆရာတော်အရှင်စက္ကပါလ (ပျံလွန်တော်မူ)သည် ဘုရားကြီးရှေ့တွင် တံမြက်စည်းလှဲနေစဉ် ဆင်းတုတော်ကြီး လက်ယာဘက်မျက်လုံးမှာ ကွာကျနေသည်ကိုတွေ့ရှိ၍ စစ်ဆေးကြည့်ရာတွင် ဆင်းတုတော်မှာ ကြေးဆင်းတုဖြစ်နေသည်ကို မြင်ရသဖြင့် ဆရာတော်ကြီးမှ ဦးဆောင်ကာ ၇ ရက်သားသမီးစေတနာရှင်များမှ ဆင်းတုတော်ကြီး၏ အင်္ဂတေများကို ခွာချ၍ ပျက်စီးသည်များပြုပြင်ကာ ရောင်တော်ဖွင့်ခဲ့ကြသဖြင့် ဤစန္ဒမုနိရုပ်ရှင်တော်မြတ်အား ဖူးမျှော်တွေ့ရှိရခြင်းဖြစ်ပါသည်။