ကိုးသောင်းပုထိုးတော်ကြီး

Listing Description

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာ ဘုရားအုပ်ကျေးရွာအနီးတွင် တည်ရှိပါသည်။ မြောက်ဦးရွှေနန်းရှင် မင်းဗာဘုရင်မင်းမြတ်၏ သားကြီးဥပရာဇာသည် မင်းတိက္ခာအမည်ဖြင့် ဘုရင်ဖြစ်သောအခါ အေဒီ (၁၅၅၃-၁၅၅၆) ခုနှစ်အတွင်း တည်ထားခဲ့သော ပုထိုးတော်ကြီးဖြစ်ပြီး ဆင်းတုတော် ကိုးသောင်း ကိန်း၀ပ်စံပယ်နေသဖြင့် "ကိုးသောင်းပုထိုးတော်ကြီး" ဟုခေါ်တွင်ခဲ့ပါသည်။ နှစ်ကာလကြာမြင့်လာသောခါ ကိုးသောင်းပုထိုးတော်မှာ ပျက်စီးပြိုကျပြီး တောင်ကြီးတစ်တောင်သဖွယ် သစ်ပင်ကြီးများပေါက်ရောက်ကာ ခြုံနွယ်ထူထပ်စွာဖြင့် တည်ရှိခဲ့ပါသည်။ ရခိုင်သမိုင်းသုတေသီများက ပုထိုးတော်ကြီးသည် တည်ဆောက်၍ ပြီးစီးခဲ့သည်ဟု ယူဆကြပြီး တချို့ကမူ ခမည်းတော်မင်းဗာ သျှစ်သောင်းပုထိုးတော်ကြီး တည်ထားခဲ့သည်ကို လိုက်ပြိုင်ကာ ကိုးသောင်းပုထိုး တည်ထားသောကြောင့် တည်ဆောက်လက်စတွင်ပင် မိုးကြိုးခကာ ပြိုပျက်သွားသည်ဟူ၍လည်း ယူဆကြသည်။ ၎င်းကိုးသောင်းပုထိုးတော်တောင်ပို့ကြီးအား ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြောက်ဦးရှေးဟောင်းသုတေသနဌာနခွဲမှ စတင်တူးဖော် သုတေသနပြု ဖော်ထုတ်ခဲ့ပါသည်။ ကိုးသောင်းပုထိုးတော်ကြီးမှာ သျှစ်သောင်းပုထိုးတော်ကြီးနှင့် တည်ဆောက်ပုံ တူညီသည်ဟုဆိုရပါမည်။ ပုထိုးတော်အတွင်း လိုဏ်ပတ်လမ်းများကို ကျောက်သားများဖြင့် ထုဆစ်ထားကာ ၎င်းတစ်ချပ်စီ၏ အပေါ်ပိုင်းတွင် ထူပါရုံစေတီ ကိုးဆူစီရှိပါသည်။ အပြင်နံရံကိုလည်း ဘုံအဆင့် ကိုးဆင့်စီထားရှိပြီး ၎င်းအဆင့်များတွင် အရံစေတီငယ် ၁၀၈ ဆူကိုလည်း အစဉ်အတိုင်း တည်ထားပါသည်။ မြောက်ဦးခေတ် စေတီပုထိုးများအနက် ထုထည်အကြီးမားဆုံး ပုထိုးတော်ကြီးဖြစ်ပြီး ယခုအခါ အပေါ်ပိုင်း မူလလက်ရာမရှိတော့ပဲ ပေ ၃၀ ခန့်မြင့်သော အောက်ပိုင်းပစ္စယံမျှသာ ကျန်ရှိပါသည်။ အလျားအားဖြင့် တောင်မြောက် ၂၅၀  ပေ ၊ အနံအားဖြင့် အရှေ့အနောက် ၂၃၀ ပေခန့်ရှိပါသည် ။