ဝန်းတီးနတ်တောင်ဘုရား

Listing Description

မြောက်ဦးမြို့ သကျမာရ်အောင်စေတီ၏ တောင်ဘက်အနီး တောင်ကုန်းပေါ်တွင် တည်ရှိသည်။ နန်းတော်ကုန်းမှ အရှေ့ဘက် ကိုက် ၄၀၀ ခန့်ကွာဝေးသည်။ ဆင်းတုတော်မှာ ခြေကိုယှက်ပြီး ထိုင်တော်ပုံဖြစ်ကာ ယာဘက်လက်သည် ယာဘက်ဒူးပေါ်တွင် တင်ထားပြီး ဘယ်ဘက်လက်မှာ တင်ပျဉ်ခွေပေါ်တွင် တင်ထားပုံဖြစ်သည်။ နားတော်တွင် နားဆွဲရှည်ဝတ်ဆင်ထားပြီး ဦးခေါင်းတော်၏နောက်တွင် ရောင်ခြည်စက်ဝန်းရှိကာ ကိုယ်တော်၏နောက်တွင် တံကဲပါရှိသည်။ ဤသို့ထုလုပ်ခြင်းကို ကျောက်တော်မဟာမုနိရင်ပြင်ရှိ ဆင်းတုများတွင်လည်း တွေ့ရှိရသဖြင့် အေဒီ ၅ ရာစုမှ ၉ ရာစုအတွင်း ဝေသာလီ၊ ဓညဝတီခေတ်က ဆင်းတုတော်ဖြစ်မည်ဟု ပညာရှင်များ ခန့်မှန်းကြသည်။ ရှေးယခင်က ဝန်းတီးနတ်ကွန်းတည်ရှိခဲ့၍ ဝန်းတီးနတ်တောင်ဟု ဒေသခံများခေါ်ကြသည်။ ဤနတ်တောင်မှရသော ကျောက်စာနှစ်ချပ်ကို မြောက်ဦးမြို့ ရှေးဟောင်းပြတိုက်တွင် ပြသထားသည်။ ပထမကျောက်စာအရ ကောဇာသက္ကရာဇ် ၈၈၃ ခုနှစ်တွင် မင်းရာဇာက ဤနတ်ကွန်းကို ပြုပြင်ခဲ့ကြောင်း ပါရှိသည်။ ဒုတိယကျောက်စာမှာ သရေခေတ္တရာမှ တွေ့ရှိခဲ့သည့် ပါဠိဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများနှင့် အရေးအသား၊ အက္ခရာပုံစံတို့ နီးစပ်ဆက်နွယ်မှုရှိကြောင်း သိရသည်။