နိဗ္ဗူဇာစေတီများ

Listing Description

မြောက်ဦးမြို့မှ မြက်ရိပ်ကျွန်းသွားလမ်း၏ လက်ဝဲဘက်ပေ ၁၀၀ ခန့်မြင့်သော တောင်ကုန်းတွင် အောက်နိဗ္ဗူဇာစေတီ၊ အလယ်နိဗ္ဗူဇာစေတီ၊ အထက်နိဗ္ဗူဇာစေတီဟူ၍ ကျောက်စေတီ ၃ ဆူ စီတန်း တည်ရှိသည်။ မင်းစောအိုသည် ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅)တွင် ဤစေတီတော် ၃ ဆူကို တည်ထားခဲ့သည်။ အောက်နိဗ္ဗူဇာစေတီသည် လေးမျက်နှာရှိသော သပိတ်မှောက်ပုံသဏ္ဌာန်ဖြစ်ပြီး သင်္ကန်းစည်းပေါင်းရစ်ကြာသီးပုံများဖြင့် ဆင်ယင်ထားကာ စေတီ၏အရှေ့ဘက် အာရုဏ်ခံသိမ်တော်ထဲ၌ ဉာဏ်တော် ၉ ပေ ၁၀ လက်မမြင့်သော လေးမြို့ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။ ၎င်းအာရုဏ်ခံသိမ်ဘုရား၏ မြောက်ဘက်အနီးတွင် အမြင့် ၂ ပေ ၇ လက်မစီရှိသော ဝေသာလီခေတ်လက်ရာ နတ်ရုပ်နှစ်ရုပ်ရှိသည်။ အောက်နိဗ္ဗူဇာစေတီမှ တောင်ကြောအတိုင်းပတ်၍ တက်သွားလျှင် အလယ်နိဗ္ဗူဇာစေတီသို့ရောက်သည်။ စေတီမှာ ပျက်စီးနေသည်။ ၎င်းမှ မြောက်ဘက်အနီး တောင်ကြော၏ အမြင့်ဆုံးနေရာတောင်ထိပ်တွင် ပင်မနိဗ္ဗူဇာခေါ် အထက်နိဗ္ဗူဇာစေတီသို့ ရောက်သည်။