ရွှေဂူကြီးဘုရား

Listing Description

မြောက်ဦးမြို့ မျှော်တော်မူတောင်၏ အနောက်တောင်ဘက်နှင့် ရွှေတောင်၏ စပ်ကြားချိုင့်ဝှမ်းတွင် တည်ရှိသည်။ မင်းဗာကြီးသည် နန်းတက်သောနှစ်၊ ကောဇာသက္ကရာဇ် ၈၉၃ ခုနှစ် (အေဒီ ၁၅၃၁)တွင် ကျောက်အတိဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ ရွှေဂူကြီးဘုရားသည် လေးထောင့်ဂူကျောင်းအောက်ခံတွင် ကြေးဖလားငယ်မှောက်ထားဘိသကဲ့သို့ စက်ဝိုင်းခြမ်းပုံသဏ္ဌာန်ရှိသည်။ ၎င်းအပေါ်တွင် လေးမြှောင့်ပုံထုချွန်စေတီတစ်ဆူ တည်ထားရှိကာ စက်ဝိုင်းပုံကို စေတီအရံငယ်လေးဆူက ဂူကျောင်းပေါ်တွင် ဝန်ရံထားသည်။ အရှေ့ဘက်တွင် ဂူဝင်ပေါက်ရှိပြီး ဂန္ဓကုဋီတိုက်တွင် ကျောက်တစ်လုံးတည်းကို ထုဆစ်ထားသော ဉာဏ်တော်အမြင့် ၁၀ ပေခန့်ရှိ ဆင်းတုတော်ကြီး တစ်ဆူကိန်းဝပ်လျက်ရှိသည်။ ဂူဝင်လမ်းတွင် လက်လေးချောင်းပါရှိသော ဟိန္ဒူဗိဿနိုးနတ်ရုပ်တစ်ရုပ်နှင့် ဝင်လမ်းမုခ် တစ်ဖက်တစ်ချက်စီတွင် ရှိခိုးနေဟန် ကျောက်ဆစ်လက်ရာ အရုပ်များ တည်ရှိသည်။