ရွှေတောင်စေတီ

Listing Description

မြောက်ဦးမြို့ ရွှေဂူကြီးဘုရား၏ အရှေ့ဘက် ၂၅၈ ပေခန့်မြင့်သော တောင်ပေါ်၌ တည်ရှိသည်။ သူရိယစက္ကမင်းသည် မဇ္ဈိမဒေသပါဒလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်း ပေးပို့သော မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာ၍ နွားလားဥဿဘာ တစ်မော့ခန့်အမြင့်ရှိသော စေတီတော်များတည်ထားခဲ့ရာ ဂန္ဓဂီရိပဗ္ဗတတောင် (ယခုရွှေတောင်) တွင် မြတ်စွာဘုရား၏ ဦးခေါင်းတော်ဓာတ်ကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားခဲ့သည်။ ဤရွှေတောင်စေတီတော်ကို ဘုရင်မင်းစောမွန်နှင့် ညီတော် နရနုမင်းသားတို့က ပြုပြင်မွမ်းမံခဲ့ကြသည်။ တဖန် မင်းဗာကြီးက ကောဇာသက္ကရာဇ် ၈၉၃ ခုနှစ် (အေဒီ ၁၅၃၁) တွင် ပြုပြင်မွမ်းမံလျက် ယခုတွေ့ရှိရသော စေတီတော်ကို ကျောက်အတိဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် ဘုရင်မင်းဖလောင်းက စေတီတော်ကို ပြုပြင်မွမ်းမံကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခဲ့သည်။