အလံပြဘုရား

Listing Description

အလံပြဘုရားသည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းတွင် တည်ရှိပါသည်။ အလံပြဘုရားသည် ရင်ပြင်တော်မှ ထီးတော်အထိ ဉာဏ်တော်အမြင့် ၉၈ ပေ၊ ၄ လက်မ ရှိပြီး ဖိနပ်တော်အကျယ် ၈၆ ပေ ပေါ်တွင် ၅ ပေ၊ ၂ လက်မမြင့်သော ပန်းတင်ခုံခံကာ ပစ္စယာသုံးဆင့်နှင့် တည်ထားခြင်း ဖြစ်ပါသည်။ စေတီတော်သည် ဆံတော်ကြို၊ မင်းလက်ဝဲ၊ ကျိုက်ခပေါက်ဆွတ်၊ မတ်ကရိ၊ ဆေးလ်၊ ဂေါ်ရာကုန်း၊ အလံပြဘုရားဟူ၍ ဘွဲ့တော်ခုနှစ်မျိုးရှိပါသည်။ စေတီတော်တွင် ရေးထိုးထားသော မော်ကွန်းကျောက်စာအရ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်သည် ဂေါတမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူအား မဇ္ဈိမဒေသမှ ဥက္ကလာပမြို့သို့ ပင့်ဆောင်လာရာ ဥက္ကလာပမင်းနှင့် ပရိသတ်များ ကြိုဆိုသည့် နေရာတွင် ဆံတော်ကြိုစေတီအား တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ သာသနာနှစ် ၁၅ဝ၊ ဘီစီ ၃၉၄ ခန့်တွင် ဒွတ္တဘောင်မင်းက ပြုပြင် မွမ်းမံခဲ့ပြီး သာသနာနှစ် ၂၃၆၊ ဘီစီ ၃ဝ၄ ခန့်တွင် စူဠသီရိဓမ္မာသောက မင်း၊ သာသနာနှစ် ၉၃၆၊ အေဒီ ၃၉၂ ခန့်တွင် သထုံဘုရင် ဓမ္မပါလမင်း၊ သာသနာနှစ် ၁၅၉၈၊ အေဒီ ၁ဝ၅၄ ခန့်တွင် သထုံဘုရင် မနုဟာတို့ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါသည်။ သက္ကရာဇ် ၁၁၃၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားကြီး၏ မင်းလက်ဝဲဘွဲ့အမည်ရှိ စစ်သူကြီးမဟာစည်သူက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော စေတီတော်အား ပြုပြင်မွမ်းမံသောကြောင့် မင်းလက်ဝဲဘုရားဟု ခေါ်တွင်ကြပါသည်။ မွန်အမတ်သူရဲကောင်း ညီအကိုနှစ်ဦးအနက် ညီဖြစ်သူ ခပေါက်ဆွတ်အမတ် ကုသိုလ်ကောင်းမှုဖြင့် တည်သောကြောင့် ကျိုက်ခပေါက်ဆွတ်စေတီတော် ဟူ၍လည်း ဘွဲ့အမည်တွင်ပါသည်။ သက္ကရာဇ် ၁၁၈၆ ခုနှစ်တွင် အိန္ဒိယပြည် ဘင်္ဂလားတိုင်းရင်းသားလူမျိုး ဗိုလ်ချုပ် Brigadier Maccreagh (ဘရစ်ဂေရီးယားမက်ကရိ) သည် အလံပြဘုရား ရင်ပြင်တွင် စစ်စခန်းပြုကာနေထိုင်သွားပြီး ၎င်းဗိုလ်ချုပ် မက်ကရိအမည်ကို အစွဲပြု၍ မက်ကရိဘုရားဟု ခေါ်တွင်ကြပါသည်။ ၁၈၃၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၉၇ ခုနှစ်တွင် ဂျလာဘတ် ဗိုလ်ချုပ်ကြီး ဂျင်နရယ်ဆေးလ် ဖြစ်လာမည့် လက်ဖတင်နင်ဆေးလ်သည် အလံပြဘုရားကုန်းပေါ်တွင် တပ်စွဲ၍ ဂေါ်ရာစစ်တပ်ကို အုပ်ချုပ်ခဲ့သည်ကို အစွဲပြု၍ ဆေးလ်ဘုရား ဟု ခေါ်တွင်ခဲ့ကြပါသည်။ ၁၉၁၀-၁၉၂၀ ခုနှစ် ပထမကမ္ဘာစစ်ကာလအတွင်း ဘုရားကုန်းတော်ပေါ်တွင် ဂေါ်ရာစစ်သားများ တပ်စွဲသော ကုန်းတော်ကို ဂေါ်ရာကုန်းဟု ခေါ်တွင်ကြသဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ အလံပြဘုရားကို ဂေါ်ရာကုန်းဘုရားဟု ခေါ်ခဲ့ကြသည်။ နောက်ဆုံးအမည်ဖြစ်သော အလံပြဘုရားမှာ အင်္ဂလိပ်များ မြန်မာပြည်အောက်ပိုင်းကို သိမ်းပြီးနောက် ဤဆံတော်ကြိုကုန်း၌ တပ်စွဲပြီး စေတီထက်မှ စစ်သင်္ဘောအဝင်အထွက်များကို အလံတင်အချက်ပြသောကြောင့် အလံပြဘုရား ဟု ယခုတိုင် ဘွဲ့အမည် တွင်ပါသည်။ အလံပြဘုရားတွင် ခြင်္သေ့ရုပ်တုများသည် မုခ်ဦးတွင် မဟုတ်ဘဲ စေတီတော်၏ ထောင့်သုံးထောင့်တွင် ခြင်္သေ့ရုပ်တုကြီးသုံးခု ထားရှိထားပါသည်။