ဒဟတ္တောဆုတောင်းပြည့်ဘုရား

Listing Description

ဒဟတ္တောဆုတောင်းပြည့်မြတ်စွာဘုရားသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင် တည်ရှိပါသည်။ "ဝိဇယဆုတောင်းပြည့်စေတီတော်" ဘွဲ့အမည်ရ ဒဟတ္တောဘုရားကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်း၏ သားတော်ကြီး မင်းရှင်စောက တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ သက္ကရာဇ် ၅၂၀ ခုနှစ် တပေါင်းလဆန်း ၅ ရက် ကြာသပတေးနေ့တွင် ပုဂံပြည်၌ သီတင်းသုံးသော ပံ့သကူမထေရ်မြတ်ထံမှ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော်များကို ပင့်ဆောင်၍ ဌာပနာခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော် ၁၅ တောင်အမြင့်ရှိပြီး ဂန္ဓကုဋိတိုက်အတွင်းတွင် ဉာဏ်တော် ၄ တောင် ၂ မိုက်ရှိ ဒဟတ္တောဘုရားဆင်းတုတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ ဘုရားပရိဝုဏ်အတွင်း၌ ဒဟတ္တောဘုရားအပြင် ရွှေဘုန်းပွင့်၊ ရွှေဘုန်းမြင့်မြတ်ဘုရားနှင့် ရွှေဘုန်းဆင့်ဘုရား သုံးဆူကိုပါ ဖူးမြော်ကြည်ညိုနိုင်ပါသည်။