ထူပါရုံစေတီ

Listing Description

မြောက်ဦးမြို့ နန်းရာကုန်း၏မြောက်ဘက် ၁ မိုင်ခန့်အကွာ လင်ပန်းပြောက်စေတီအနီး မြေပြန့်တွင် တည်ရှိပါသည်။ ဤစေတီကို သက္ကရာဇ် ၈၅၆ ခုနှစ် (ခရစ်နှစ် ၁၄၉၄) တွင် ဘုရင်မင်းရန်အောင် တည်ထားခဲ့သည်။ သက္ကရာဇ် ၉၇၅ ခုနှစ်တွင် မင်းခမောင်းနှင့် မိဖုရား သျှင်ထွေးတို့က ထပ်မံပြုပြင်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့သည်။ မြောက်ဦးခေတ်၌ ဘုရင်များ ဘိသိက်ခံပြီးလျှင် ဤစေတီတော်ကို ဖူးမြော်၍ အောင်မြေနင်းရသည်ဟု သိရပါသည်။ စေတီတော်အား တံတိုင်းနှစ်ထပ်ကာရံထားသည်။ လေးမျက်နှာသော တံတိုင်းများ၌ ဝင်လမ်းနှင့်ထွက်လမ်းအဖြစ် လေးပေါက်ရှိသည်။ ဘုရားတံတိုင်း အတွင်းဘက်ထောင့်များတွင် ခြင်္သေ့ကိုယ်နှင့် လူ၏ဦးခေါင်းပါသော (မနုသီဟ) ရုပ်လုံးများကို တည်ထားရှိသည်။ စေတီတော်မှာ ကျောက်အတိပြီးသော စေတီဖြစ်ပြီး စေတီတော်၏ ပုံသဏ္ဌာန်ဍာန်မှာ စေတီအောက်ခြေ ဖိနပ်ရှစ်မြှောင့်ခံလျက် တည်ဆောက်ထားသည်။ စေတီ၏ ပစ္စယံအဆင့်များတွင် ကြာဖူးများကို ထုလုပ်တပ်ဆင်ထားသည်။ ပစ္စယံနှစ်ဖက်တွင် အရပ်လေးမျက်နှာသို့ မုခ်ဖွင့်ထားရှိသည်။ ထိုမုခ်ထဲဂူငယ်တို့တွင် ဗုဒ္ဓရုပ်ပွားကျောက်ဆင်းတုတော်များ တည်ရှိသည်။ စေတီတော်သည် အောက်ခြေလုံးပတ်လည် ၂၈၀ ပေရှိပြီး ဉာဏ်တော်အမြင့် ၈၀ ပေရှိသည်။