စည်သူရှင်ဘုရား

Listing Description

ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်းတွင် တည်ရှိသည်။ အလောင်းစည်သူမင်းကြီးသည် စည်သူရှင်ဘုရားအပါအဝင် ဘုရားရှင်၏ဓာတ်တော် ၂ ဆူစီ ဌာပနာထားသော သရက္ခန်ဆင်းတုတော် ခြောက်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်များ၏ ပလ္လင်တော်တွင်လည်း ဆင်ရုပ်များခံ၍ တည်ထားကိုးကွယ်ခဲ့ရာ ဆင်ခံပလ္လင်များဝါစဉ်အရ ပထမဆင်းတု စည်သူရှင်ရုပ်ပွားတော်တွင် ၁၅ စီး၊ ဒုတိယဆင်းတု ရွှေတန့်တစ်ရုပ်ပွားတော်တွင် ၁၄ စီး၊ တတိယဆင်းတု ရှင်မတောင်ရုပ်ပွားတော်တွင် ၁၃ စီး၊ စတုတ္ထဆင်းတု ဆင်ကြို့ရွာရုပ်ပွားတော်တွင် ၁၂ စီး၊ ပဉ္စမဆင်းတု အညာသီဟတော ရုပ်ပွားတော်တွင် ၁၁ စီးနှင့် ဆဋ္ဌမဆင်းတု မြတ်ပေါင်းမဉ္ဇူတွင် ၁ဝ စီးဖြစ်သည်။ ထိုသရက္ခန်ရုပ်ပွားတော်များကို ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းတွင် သုံးဆူ၊ ရေစကြိုမြို့နယ် ဆင်ကြို့ရွာတွင်တစ်ဆူ၊ ပခုက္ကူမြို့နယ် ရွှေတန့်တစ်ရွာတွင်တစ်ဆူနှင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်တစ်ဆူ စုစုပေါင်း ခြောက်ဆူ ဖူးမြင်နိုင်ပါသည်။ အလောင်းစည်သူမင်းကြီးသည် သရက္ခန်ရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင်တင်၍ အဓိဌာန်ဆုတောင်း လွှတ်တော်မူရာ ပထမဆင်မယာဉ်သာသည် ပခန်းကြီးမြို့တောင်ဘက်ရှိ က္ကဒ္ဓိဝိဒတောင်တွင် ရပ်တန့်သဖြင့် ပထမဆင်းတု စည်သူရှင်ရုပ်ပွားတော်အား ထိုနေရာ၌ စေတီတစ်ဆူတည်ထားပြီး ကိုးကွယ်ခဲ့သည်။ တတိယဆင်မယဉ်သာသည် ပခန်းကြီးမြို့အနောက် ရှင်တောင်မတွင် ရပ်တန့်တော်မူရာ ရှင်မတောင်ရုပ်ပွားတော်မြတ်အား သက္ကရာဇ် ၄၈၁ တန်ဆောင်မုန်းလ၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ဆဌမဆင်မယာဉ်သာသည် ပခန်းကြီးမြို့ အနောက်တောင်ရပ် အရိယဓမ္မဿ၊ ဓမ္မရာသီ၏ ရွှေဥမင်ကျောင်းတိုက်၌ ရပ်တန့်သဖြင့် မြတ်ပေါင်းမဉ္ဇူရုပ်ပွားတော်အား သက္ကရာဇ် ၄၈၁ ခုနှစ် ပြာသိုလတွင် လိုဏ်ဂူသွင်းကာ ကိုးကွယ်ခဲ့သည်။ ယခုအခါ ရှင်မတောင်ရုပ်ပွားတော်နှင့် မြတ်ပေါင်း မဉ္ဇူရုပ်ပွားတော်များသည် စည်သူရှင်ရုပ်ပွားတော်နှင့်အတူ စည်သူရှင်ဂန္ဓကုဋိတိုက်တွင် ကိန်းဝပ်လျက်ရှိသည်။ ယင်းရုပ်ပွားတော်သုံးဆူနှင့်အတူ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားကိုးကွယ်သည့် ဒက္ခိဏသာခါရုပ်ပွားတော်မြတ် တစ်ဆူလည်း သီတင်းသုံးတော်မူသည်ကို ဖူးမြင်ရသည်။ ၎င်းရုပ်ပွားတော် လေးဆူကို နှစ်စဉ်သင်္ကြန်ရက်များ၌ စည်သူရှင်ဘုရား တည်ထားရာ ဣဒ္ဓိဝိဒတောင်ကို သုံးကြိမ်သုံးပတ် ဒေသစာရီလှည့်လည်၍ ပွဲတော်ကျင်းပပါသည်။

(သရက္ခန်ဘုရားများသမိုင်းကို အသေးစိတ်ဖတ်ရှုရန် ဤနေရာသို့နှိပ်ပါ)