ဆင်ကြို့ရွှေဂူ သရက္ခန်ဘုရား

Listing Description

ရေစကြိုမြို့နယ်၊ ကြူရွာအုပ်စု၊ ဆင်ကြို့ကျေးရွာတွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးသည် ဆင်ကြို့ရွှေဂူဘုရားအပါအဝင် ဘုရားရှင်၏ဓာတ်တော် ၂ ဆူစီ ဌာပနာထားသော သရက္ခန်ဆင်းတုတော် ခြောက်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်များ၏ ပလ္လင်တော်တွင်လည်း ဆင်ရုပ်များခံ၍ တည်ထားကိုးကွယ်ခဲ့ရာ ဆင်ခံပလ္လင်များဝါစဉ်အရ ပထမဆင်းတု စည်သူရှင်ရုပ်ပွားတော်တွင် ၁၅ စီး၊ ဒုတိယဆင်းတု ရွှေတန့်တစ်ရုပ်ပွားတော်တွင် ၁၄ စီး၊ တတိယဆင်းတု ရှင်မတောင်ရုပ်ပွားတော်တွင် ၁၃ စီး၊ စတုတ္ထဆင်းတု ဆင်ကြို့ရွာရုပ်ပွားတော်တွင် ၁၂ စီး၊ ပဉ္စမဆင်းတု အညာသီဟတော ရုပ်ပွားတော်တွင် ၁၁ စီးနှင့် ဆဋ္ဌမဆင်းတု မြတ်ပေါင်းမဉ္ဇူတွင် ၁ဝ စီးဖြစ်သည်။ ထိုသရက္ခန်ရုပ်ပွားတော်များကို ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းတွင် သုံးဆူ၊ ရေစကြိုမြို့နယ် ဆင်ကြို့ရွာတွင်တစ်ဆူ၊ ပခုက္ကူမြို့နယ် ရွှေတန့်တစ်ရွာတွင်တစ်ဆူနှင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်တစ်ဆူ စုစုပေါင်း ခြောက်ဆူ ဖူးမြင်နိုင်ပါသည်။ အလောင်းစည်သူမင်းကြီးသည် သရက္ခန်ရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင်တင်၍ အဓိဌာန်ဆုတောင်း လွှတ်တော်မူရာ စတုတ္ထဆင်မယာဉ်သာသည် ရေစကြိုမြို့နယ် ဆင်ကြို့ရွာတွင် ရပ်တန့်သဖြင့် ထိုနေရာတွင် ဆင်ကြို့ရွှေဂူသရက္ခန်ဘုရားအား တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၈ ရက်နေ့မှ လပြည့်နေ့ထိ စည်ကားစွာကျင်းပပါသည်။

(သရက္ခန်ဘုရားများသမိုင်းကို အသေးစိတ်ဖတ်ရှုရန် ဤနေရာသို့နှိပ်ပါ)