အောင်လင်း (၁၉၂၈-၁၉၈၄)

Listing Description

စာရေးဆရာ၊ တေးရေးဆရာ၊ ဂီတပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူနှင့် သရုပ်ဆောင် ဖြစ်သည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့၌ အငြိမ်းစား ခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ ဒေါ်မြစ်တို့က ၁၉၂၈ ခု၊ မတ်လ ၃၀ ရက်တွင် မွေးသည်။ မွေးချင်း ၂ ယောက်အနက် အငယ်ဖြစ်သည်။ အမည်ရင်းမှာ တင်ဖေ ဖြစ်သည်။

ပခုက္ကူ ဝက်စလီယံကျောင်း၌ ပညာသင်ရာ ၇ တန်းတွင် ဒုတိယကမ္ဘာစစ်ဖြစ်၍ စာသင်နားသည်။

၁၉၄၇ ခုတွင် ဆယ်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ တက်သည်။ သထုံဆောင်၌ နေခဲ့သည်။

ရန်ကုန်တက္ကသိုလ် တက်စဉ်ကပင် တက္ကသိုလ်ငတိ၊ ပခုက္ကူအပုလေး စသည့် ကလောင်များဖြင့် စာရေးသည်။

စာပေဝေဖန်ရေး မဂ္ဂဇင်း စာပေသစ် ကို တည်ထောင်သူများအနက် တဦးဖြစ်ပြီး စာပေတရားခွင် ကဏ္ဍကို ရေးသည်။ စာပေသစ် အောင်လင်း ဟု ထင်ရှားသည်။ အစောပိုင်းတွင် စာပေဝေဖန်ရေးသာ ရေးသော်လည်း ၁၉၅၅ ဝန်းကျင်မှစ၍ ဝတ္ထုများ စရေးလာသည်။

၁၉၆၁-၆၂ တွင် မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ ထိုအသင်းမှ ကသည့် ပြဇာတ်များတွင် သီချင်းရေး၊ ဒါရိုက်တာ၊ သရုပ်ဆောင်ကဏ္ဍတို့တွင် ပါဝင်သည်။

ကလောင်များ

ရွှေကူတင်

တက္ကသိုလ် အပုလေး

တက္ကသိုလ် မြသွေး

တက္ကသိုလ် ဝတီ

တက္ကသိုလ်ငတိ

ဆူးညှောင့်

ပခုက္ကူအပုလေး

ဒုတိယကမ္ဘာစစ် ဖြစ်သော် မြိုင်သို့ စစ်ပြေးစဉ် ရေစကြို အာရှလူငယ်အစည်းအရုံးတွင် ပါဝင်သည်။ နဂါးနီတိုက်ထုတ် စာအုပ်များ ဖတ်သည်။

ဂျပန်ခေတ်ရောက်သော် လူငယ်များကြီးပွားရေးအသင်းသို့ ဝင်သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပခုက္ကူ လူငယ်ခေါင်းဆောင် ဖြစ်သည်။ နေသူရိန်အစည်းအဝေးသို့ ပခုက္ကူခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရသည်။ အစည်းအဝေးတက်သည့် အသက်အငယ်ဆုံးသခင်လည်း ဖြစ်သည်။

စစ်ပြီးနောက် ဖဆပလနှင့် ကွန်မြူနစ်ပါတီတွင် ဝင်သည်။ နောင် အလံနီ တောခိုသော် နိုင်ငံရေးနယ်မှ ထွက်သည်။ သို့သော် တော်လှန်ရေးကာလတွင် သုံးခဲ့သည့် အမည်ဝှက်ကို ကလောင်အဖြစ်ယူကာ အောင်လင်း အမည်နှင့် စာရေးသည်။

အတီးပညာကို မြန်မာညွန့် ဦးချစ်မောင်၊ စောင်း ဦးဘသန်းတို့ထံမှ သင်သည်။

ရန်ကုန်တက္ကသိုလ်၌ ကျင်းပသော ၁၉၄၈-၄၉ ဂီတပြိုင်ပွဲတွင် ပတ္တလား ပထမဆု၊ မယ်ဒလင် ပထမဆု၊ တယော ဒုတိယဆု ရသည်။

ဂီတဘက်သို့ စိတ်ပါကာ ကျောင်းထွက်၍ ဆန်းသစ်ဆန်း၊ တေးသစ်လွင် တူရိယာအဖွဲ့များတွင် သီချင်းရေး အသံလွှင့်သည်။ ဂီတနက်သန် ကိုစောညိန်း၏ မိုးသက်လေနှင် ကို တင်ဖေ အမည်ဖြင့် အသံလွှင့်ခဲ့ပြီး လူကြိုက်များသည်။

၁၉၄၉-၅၀ ဝန်းကျင်တွင် အေဝမ်း ဓာတ်ပြားတိုက်၌ အလုပ်ဝင်ရာ စန္ဒရား အေဝမ်းဦးခင်မောင်၏ တီးဝိုင်းတွင် တယော၊ ပတ္တလားတို့ တီးပြီး သီချင်းလည်း ရေးသည်။

နောက် မအောင်ကြည်၊ ဂီတနက်သန် ကိုစောညိန်းတို့ ရှိရာ ဗြိတိသျှဘားမား ဓာတ်ပြားတိုက်သို့ ပြောင်းသည်။

ဒေါ်သန်းညွန့်နှင့် လက်ထပ်ပြီး ကိုကိုအောင်၊ မောင်မောင်အောင်၊ချိုမမအောင် ဟူသော သားသမီး ၃ ယောက် ရှိသည်။ သမီးမှာ မေအောင်လင်း ကလောင်ဖြင့် စာရေးသည်။

၁၉၈၄ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ရန်ကုန်၊ ဖဆပလတိုက်ခန်းရှိ နေအိမ်၌ ကွယ်လွန်သည်။