ပုခန်းကြီးမြို့ဟောင်း

Listing Description

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်း ရေစကြိုနှင့် ၁၀ မိုင်အကွာ ပခုက္ကူနှင့် မိုင်၂၀ အကွာ ကားလမ်းမကြီးပေါ်တွင်ရှိသည်။ ပုခန်းကြီးမြို့ဟောင်းအနီးတစ်ဝိုက်တွင် ရှေးဟောင်းစေတီပေါင်း ၃၈၂ ဆူရှိပြီး အဆူ ၈၀ တွင် နံရံဆေးရေးပန်းချီများ မြင်တွေ့နိုင်သည်။ မြို့ရိုးကို အေဒီ ၁၃၈၈ ခုနှစ်ခန့်တွင် စတင်တည်ထားခဲ့ပြီး မင်းကြီးစွာစော်ကဲ အင်းဝဘုရင်လက်ထက်တွင် တစ်ကြိမ်၊ သာလွန်မင်းလက်ထက်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ မြို့ရိုးတံတိုင်းသည် ပေ ၂၀ ခန့်အမြင့်ရှိပြီး ၁ မိုင်ပတ်လည်ခန့်ကျယ်ဝန်းသည်။ ယခုအချိန်တွင် မြို့ရိုးအနည်းငယ်သာ သိသာ ထင်ရှားနေပြီး အများစုမှာ ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာပေါက်ရောက်နေသည်။ ပုဂံခေတ် သိန်းခိုမင်းလက်ထက် သက္ကရာဇ် ၂၇၇ တွင် မင်းစည်သူနှင့် မင်းကျော်စွာညီနောင် မင်းသားနှစ်ပါးသည် ဤအရပ်သို့ရောက်လာပြီး တောင်သုံးလုံးမြေကိုညှိကာ မြို့တည်သဖြင့်”ကုခန္ဓ”(တူးခြင်း၊ညှိခြင်း)အနက်ကိုယူကာ”ကူးခန်း”ဟု သမုတ်ခဲ့ကြသည်။ နရပတိစည်သူမင်းကြီးလက်ထက် သက္ကရာဇ် ၅၃၆ တွင် ကူးခန်းအရပ်မှ သူပုန်သူကန်ထကြွ၍ လာရောက်တိုက်ခိုက်နှိမ်နှင်းရာ “သူပုန်များ ပစေ၊ ခန်းစေ”ဟူသော ရည်ရွယ်ချက်ဖြင့် “ပခန်း”ဟုသမုတ်ခဲ့ကြောင်းတွေ့ရသည်။ ဟံသာဝတီပါမင်းလက်ထက် ကူးခန်းကို မြို့ရိုးများ နိမ့်ချည်မြင့်ချည် အကွက်ကျ စနစ်တကျဆောက်လုပ်၍ မြို့တော်ကိုပြုပြင်ခဲ့သဖြင့် “ပခန္ဓ” သဒ္ဒါအရ ပခန်းဟု တွင်ခဲ့ကြောင်းလည်းဆိုကြသည်။ အချိန်ကာလကြာရှည်လာသောအခါ ပခန်းကြီးမှ “ပုခန်းကြီး”ဟုအမည်တွင်လာခဲ့သည်။ ပုခန်းကြီးတွင် စည်သူရှင်ဘုရားပခန်းကျောင်းတော်ကြီး၊ ပခန်းငယ်ကျောင်း စသည်ဖြင့်ထင်ရှားပြီး ရှေးဘုရင်များ လက်ထက်က ထင်ရှားကျော်ကြားခဲ့သည့် ပထမကျော်အောင်စံထား ဆရာတော်၊ ဗားကရာသာသနာပိုင်ဆရာတော်၊ ဝက်ခုတ်ဆရာတော်၊ သာသနာပိုင် သဲအင်းဆရာတော်တို့၏ ဖွားမြင်ရာ ဇာတိနယ်လည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်