စိန်ရောင်ခြည်စေတီတော်

Listing Description

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းတွင် တည်ရှိသည်။ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်ရန် တဖုဿနှင့် ဘလ္လိကညီနောင်မှ မြတ်စွာဘုရား၏ ဆံတော်များပင့်ဆောင်လာရာ ယခု စိန်ရောင်ခြည်စေတီတော်နေရာ၌ ‌ဆံတော်ဓာတ်များအား အများပြည်သူများကို ခတ္တခဏပူဇော်စေခဲ့သည်။ ထို့နောက် သိင်္ဂုတ္တရကုန်းတော်ပေါ်သို့ ပင့်ဆောင်၍ ရွှေတိဂုံစေတီတော်ဟု တည်ထားကိုးကွယ်ခဲ့ကြသည်။ ဥက္ကလာပမင်းကြီးသည် ထိုဆံတော်ဓာတ်များ ခတ္တခဏပူဇော်ခံခဲ့ရာနေရာ၌ ယခု စကြာရတနာ မာရ်အောင်ဘွဲ့အမည်ရ စိန်ရောင်ခြည်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၁၁၆၄ ခုနှစ် (ခရစ်နှစ် ၁၈၀၂) တွင် ဘိုးတော်မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်းသား သီဟသူက စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ “စကြာရတနာမာရ်အောင်စေတီတော်” ဟု ဘွဲ့အမည်သမုတ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ် (ခရစ်နှစ် ၁၉၂၅) တွင် အများပြည်သူစုပေါင်း၍ စေတီတော်ကို ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ အင်္ဂလိပ်တို့ အိန္ဒိယသို့ ဆုတ်ခွာသွားချိန် (ဂျပန်ခေတ်) တွင် သရက်တော အုတ်လှေကားဆရာတော်ကြီး ဦးစီး၍ ထီးတော်အသစ်တင်လှူပူဇော်ခဲ့သည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၉၄ ပေ၊ ၆ လက်မရှိပြီး မြန်မာနိုင်ငံရှိ အခြားသော စေတီများကဲ့သို့ ရွှေသင်္ကန်းကပ်လှူထားခြင်းမျိုးမဟုတ်ဘဲ စေတီတော်တစ်ဆူလုံးကို မှန်စီ‌ရွှေချထားသည်။ စေတီတော်၏ ပုံစံမှာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော် ပုံစံဖြစ်ပြီး စေတီအတွင်းလိုဏ်ပတ်လမ်း၏ နံရံများတွင် မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကဲ့သို့ ဗုဒ္ဓဆင်းတုတော်များ နံရံအပြည့် ထွင်းထုပူဇော်ထားသည်။ ၁၉၉၀ ပြည့်နှစ်တွင် စေတီတော်၏ ဘက်စုံပြုပြင်မွမ်းမံရေးများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ စေတီတော်အား ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စိန်ရောင်ခြည်စေတီတော်ကို ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။