ဘုရားငါးဆူစေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၊ အမှတ် (၃) ရပ်ကွက်တွင် တည်ရှိပါသည်။ စေတီတော်ကို အလောင်းစည်သူမင်းကြီး၏ ဖောင်တော်ဦးတိုက်ရာအရပ်တွင် မင်းကြီး၏ဖောင်တော်၌ ပူဇော်ကိုးကွယ်သော ဆင်းတုတော်၊ ဓာတ်တော်များ ဌာပနာ၍ သက္ကရာဇ် ၄၇၄ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ပွင့်တော်မူပြီးနှင့် နောင်ပွင့်တော်မူမည့် ဘုရားရှင် ၅ ဆူအားရည်မှန်း၍ "ငါးဆူစေတီတော်"ဟု ဘွဲ့တော်အမည်သမုတ်ခဲ့ပါသည်။ စေတီတော်အတွင်း အဘယမုဒြာဟန် ရပ်တော်မူဆင်းတုတော်ကြီးနှင့် လက်ဝဲလက်ယာနှစ်ဘက်တွင် ရဟန္တာ ၁၂ ပါး လက်အုပ်ချီ ရှိခိုးနေပုံ ထုလုပ်ပူဇော်ထားပါသည်။ စေတီတော်၏ ထောင့်လေးထောင့်တွင် အရံစေတီလေးဆူရှိသည်။ မြန်မာသက္ကရာဇ် ၁၂၂၀ ခုနှစ်တွင် ဆင်ပေါင်ဝဲမြို့သို့ ပြောင်းရွှေ့လာသော မြေထဲမြို့ဝန်မင်းက စေတီတော်အား မွမ်းမံပြုပြင်ခဲ့သည်။ သက္ကရာဇ် ၁၂၉၀ ခန့်တွင် ထီးတော်အသစ်တင်လှူ၍ သပိတ်မှောက်အထိ ရွှေသင်္ကန်းကပ်လှု ပူဇော်ခဲ့ကြသည်။ ခရစ်နှစ် ၁၉၉၀ ပြည့်နှစ် ဧပြီလ ၃ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် စေတီတော်သည် ငှက်ပျောဖူးမှဖောင်းရစ်နှစ်ရစ်ထိ ပြိုကျပျက်စီးခဲ့ပြီး ထီးတော်သစ်တင်နိုင်ရန် အခက်အခဲများရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့၊ အမှတ် (၁) ရပ်ကွက်နေ အလှူဒါယကာဦးဇော်သူရ၊ အလှူဒါယိကာမ ဒေါ်မြင့်မြင့်စံ မိသားစုတို့က မတည်လှူဒါန်း၍ ထီးတော်သစ် တင်လှူပူဇော်ခဲ့ပါသည်။