မဟာဝိဇယစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားပါသည်။ ရွှေတိဂုံဘုရား၏ တောင်ဘက်မုဒ်အနီး တည်ရှိသည်။ မဟာဝိဇယစေတီတော်ကို သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ကျင်းပသော သံဃမဟာနာယကအစည်းအဝေးပွဲကြီးအထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ မဟာဝိဇယစေတီကို ၂၇.၇.၁၉၈၀ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ၄.၃.၁၉၈၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဉာဏ်တော်အမြင့် ၁၃၄ ပေ၊ ထီးတော်အမြင့် ၂၂ ပေ၊ စိန်ဖူးတော်အမြင့် ၁၃ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၁၆၉ ပေ၊ အောက်ခြေအချင်း ၁၆၅ ပေ ၈ လက်မရှိသော လိုဏ်ဂူပါစေတီပုံစံမျိုးဖြစ်ပါသည်။ အာရုံခံလိုဏ်ဂူ၏ အလယ်တွင် စကျင်ကျောက်ဖြူ၊ အပရာဇိတပလ္လင်တော်ပေါ်၌ နီပေါနိုင်ငံဘုရင် ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝနှင့် မိဖုရားကြီး ဣဿွရယလက္ချမိဒေဝီရှဟ်တို့၏ ဓမ္မလက်ဆောင်ပဏ္ဏာတော် နာဂစီဝရာပဋပဋိမာဆင်းတုတော်နှင့် ပဉ္စဓါတုဝါဟန စေတီတော်တို့သည် ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ရှစ်မြောင်ပုံ အပရာဇိတပလ္လင်တော် ဘေးပတ်လည်တွင် အရပ်ရှစ်မျက်နှာအလိုက် စကျင်ကျောက်ဖြူပလ္လင်တော် ရှစ်ခန်းနှင့် မုဒြာကွဲပြားသော ရုပ်ပွားတော်ရှစ်ဆူတို့ကို ၄၅ တန်အလေးချိန်ရှိ စကျင်ကျောက်တုံးကြီး ၁ တုံးကိုပင် ထွင်းဖောက်ထုလုပ်လျက် အများပြည်သူ ကြည်ညိုသဒ္ဓါပွား ပူဇော်ကိုးကွယ်ရန် တည်ထားပါသည်။ စေတီတော်ကြီး၏ ထူးခြားမှုမှာ တစ်နှစ်လျှင်တစ်ကြိမ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း တနင်္လာဂြိုလ်တိုင်မှ နေအလင်းရောင်သည် အပရာဇိတပလ္လင်တော်ထိပ်ပိုင်း အရှေ့ဘက်မုခ်ပေါက်ငယ်တွင် သီတင်းသုံးစံပယ်တော်မူသော နာဂစီဝရပဋပဋိမာ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်ပါသည်။