မဟာဓမ္မရံသီအိမ်တော်ရာစေတီ (ရန်ကုန်)

Listing Description

မဟာဓမ္မရံသီအိမ်တော်ရာစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လမ်းမတော်ရပ်၊ ရွှေတိဂုံစေတီတော်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ အိမ်တော်ရာဘုရားဟူ၍ မြန်မာနိုင်ငံ၌ထင်ရှားသော ဘုရားနှစ်ဆူရှိပါသည်။ တစ်ဆူသည် မန္တလေးမြို့၌ရှိ၍ တစ်ဆူကား ရန်ကုန်မြို့၌ရှိပြီး နှစ်ဆူစလုံးကို ကုန်းဘောင်မင်းဆက် ကိုးဆက်မြောက် ပုဂံမင်းမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ ရန်ကုန်ရှိ မဟာဓမ္မရံသီ အိမ်တော်ရာစေတီ၏ သမိုင်းအရ ပုဂံမင်းသားသည် ခမည်းတော် သာယာဝတီမင်း(ခေါ်)ရွှေဘိုမင်းတရားကြီးနှင့်အတူ ဒဂုံသို့ လိုက်ပါလာစဉ် မင်းသားများအတွက် ဆောက်လုပ်ထားသော ခတ္တယာယီတဲနန်းတွင် နေထိုင်ခဲ့ပြီး ပုဂံမင်းသား ဘုရင်ဖြစ်လာသောအခါ မိမိ ခတ္တယာယီတဲနန်းဆောက်လုပ်နေထိုင်ခဲ့သော နေရာ၌ ရေဝန်တော် ပဲခူးမြို့စား မဟာမင်းခေါင်ကျော်ထင်ကို ငွေ ၈ဝ,ဝဝဝ(ရှစ်သောင်း) ပေး၍ ကြီးကြပ်စေကာ မဟာဓမ္မရံသီ အိမ်တော်ရာစေတီကို တည်ထား ကိုးကွယ်ခဲ့ပါသည်။ ဖိနပ်တော် သံတောင် ၄ဝ၊ ဉာဏ်တော် ၄၅ တောင်ရှိ စေတီတော်ကြီးကို ပုဂံမင်းတရားကြီးအမိန့်တော်အတိုင်း ရေဝန်တော် ပဲခူးမြို့စား မဟာမင်းခေါင်ကျော်ထင်မှ ဦးဆောင်တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်အား ထီးတော်မတင်ရသေးမီ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ မြန်မာတပ်များနှင့် အင်္ဂလိပ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အင်္ဂလိပ်တို့၏ ဗုံးအမြောက်လက်နက် အင်အားကြီးမားသဖြင့် ပြည်ရွှေတောင်မြို့ဝန် ဦးစီးသော တပ်များသည် ရွှေတိဂုံစေတီသို့ ဆုတ်ခဲ့ကြရသည်။ ရေဝန်တော် ပဲခူး မြို့စားသည် အင်္ဂလိပ်များရောက်မလာမီ အိမ်တော်ရာစေတီတော် ထီးတော်အား အနောက်မြောက်ထောင့်မှဆွဲယူကာ စေတီတော်တွင် အလျင်အမြန်တင်လှူခဲ့သည်။ စစ်ပွဲတွင် မြန်မာတို့ စစ်ရှုံးနိမ့်ခဲ့သဖြင့် အင်္ဂလိပ်တို့လက်အောက်တွင်ရှိနေသည့် ရန်ကုန်မြို့ရှိ အိမ်တော်ရာစေတီသည် တိမ်မြုပ်ခဲ့ရပြီး နှစ်ပေါင်းများစွာ ပြုပြင်သူကင်းမဲ့ခဲ့သဖြင့် စေတီတော်သည် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းကာ ပျက်စီးလျက် မထင်မရှားရှိခဲ့ရသည်။ ၂၆.၅.၂၀၀၂ တွင် ဒဂုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂုဏန္ဒမှ လမ်းညွှန်ဦးဆောင်၍ ဒေါက်တာမိုးတင်၊ ဒေါက်တာအိအိတင် မိသားစု မတည်လှူဒါန်းငွေနှင့် အများပြည်သူစုပေါင်းလှူဒါန်းမှုများဖြင့် စေတီတော်ကြီးအား ထီးတော်အသစ်တင်လှူကာ ဘက်စုံပြုပြင်မွမ်းမံပြီးစီးခဲ့သဖြင့် ယခုအခါ ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။