ချမ်းသာကြီးဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြောက်ဘက် ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်းအတွင်း၌ ကိန်းဝပ်လျက်ရှိပြီး ရွှေတိဂုံစေတီတော် ရင်ပြင်တွင် တစ်ဆူထဲသော အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်သည်။ ဉာဏ်တော်အမြင့် ၃၀ ပေခန့်ရှိသည့် တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးဖြစ်သည်။ ဆင်းတုတော်ဦးခေါင်းထက် မျက်နှာကြက်တွင် လေယပ်ကြီးတစ်ခု ချိတ်ဆွဲထားသည်။ ယပ်ကြိုးကိုဆွဲ၍ ဆင်းတုတော်ကြီးအား လေအေးဖြင့် ပူဇော်နိုင်သည်။ ရုပ်ပွားတော်ကြီး၏ရှေ့၌ရှိသော တိုင်လုံး လင်းနို့တောင်များပေါ်တွင် ပန်းပုလက်ရာများနှင့် သေသပ်လှပသော မှန်စီရွှေချတိုင်လုံးများကြောင့် ဘုရားကြီးမှာ လွန်စွာသပ်ပယ်လှသည်။ ကြီးကိုးကြီး အဓိဋ္ဌာန်ဝင်ရာတွင်လည်း ပါဝင်သောရုပ်ပွားတော်ကြီးလည်း ဖြစ်သည်။ ရှေးယခင်က ဤဆောင်းတန်းနေရာတွင် လူထုအစည်းအဝေးပွဲများ ကျင်းပခဲ့ရာ နေရာဖြစ်သည်။ (ယခုလည်း ကျင်းပ ပြုလုပ်လေ့ရှိသည်။) နေရာထိုင်ခင်း ကျယ်ဝန်းသော ထိုတန်ဆောင်းကြီးအတွင်း အသံမစဲ ပဋ္ဌာန်းပွဲများ၊ မသိုးသင်္ကန်းပွဲများနှင့် ဥပုသ်သီတင်းနေ့များတွင် တရားပွဲများ ကျင်းပလေ့ရှိသည်။ တန်ဆောင်းကြီး၏ အလှူရှင်များမှာ ဦးစံထွန်း၊ ဒေါ်နှစ်တို့ ဖြစ်ကြသည်။ ထိုတန်ဆောင်းတွင် တနင်္လာသန့်ရှင်းရေးအသင်းရှိသည်။ ချမ်းသာကြီးတန်ဆောင်းနှင့် ဘေးကပ်လျက် ကြမ်းတပြေးတည်းရှိနေသော တန်ဆောင်းမှာ သံတန်ဆောင်း ဖြစ်သည်။ ၎င်းတန်ဆောင်း၏ အလှူရှင်များမှာ ဦးဘိုးသောင်း၊ ဒေါ်စုစု တို့ ဖြစ်ကြသည်။