ရွှေတိဂုံစေတီတော်အောင်မြေ

Listing Description

ရာဟုထောင့် အနီးတွင် ရင်ပြင်တော်ကျောက်ပြား အထက်၌ ကြယ်ပုံသဏ္ဍန်ရှိသော အောင်မြေ ရှိသည်။ ချမ်းသာကြီး ဘုရားတန်ဆောင်း အရှေ့ဘက်မှ ကျယ်ဝန်းသော မြေနေရာဖြစ်သည်။ သာသနိက အဆောက်အဦများ ကင်းလွတ်သော ဧရိယာဖြစ်၍ စေတီတော်ကြီး၏ လုံးတော်ပြည့်မြင်ကွင်းကို အားပါတရ ဖူးမြော်နိုင်သည် ဖြစ်သောကြောင့် ဤနေရာတွင် ဘုရားဖူးဧည့်သည်များ၊ ဓါတ်ပုံရိုက်သူများဖြင့် အခါမလပ် စည်ကားလျက်ရှိ၏။ ဘာသာရေး အခမ်းအနားများ ကျင်းပရာလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ မေလ၊ ၂၂ ရက်နေ့တွင် ကမ္ဘာကျော် ပရီးမီးယားလိဂ် ဘောလုံးအသင်းဖြစ်သော လက်စတာစီးတီးအသင်းသည် ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် အထိမ်းအမှတ်အဖြစ် ဤအောင်မြေတွင် လာရောက်၍ အောင်မြေနင်းခဲ့ကြသည်။ မဟိဒ္ဓိပုဂ္ဂိုလ်များ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာများ အောင်မြေနင်းရာ အောင်မြေသည် ဤနေရာမဟုတ်ဘဲ အောင်ဓါတ်၊ အောင်အရပ်ဖြစ်သော တနင်္ဂနွေထောင့်၏ တစ်ခုသောနေရာ၌ ရှိသည်ဆို၏။ သို့သော် ထိုနေရာကို ‘သိသူဖော်စား၊ မသိသူကျော်သွား’ ဟူသော ရည်ရွယ်ချက်ဖြင့် ခေတ်အဆက်ဆက် လျှို့ဝှက်ခဲ့ကြသဖြင့် ယနေ့အချိန်တွင် တိမ်မြုပ် ပျောက်ကွယ်လျက်ရှိသည်။