ပိစိတော်ဓာတ်စေတီ

Listing Description

မြောက်ဦးမြို့ ကိုးသောင်းပုထိုးတော်ကြီး၏ တောင်ဘက် တစ်ဖာလုံခန့်အကွာ ပေ ၁၀၀ ခန့်မြင့်သော တောင်ကုန်းပေါ်၌ တည်ရှိသည်။ ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းသည် မြတ်စွာဘုရား၏ လက်ဝဲပိစိတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၄၈၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ပုရိန်ခေတ် ဘုရင်ကောလိယက ပြုပြင်မွမ်းမံတည်ဆောက်ကာ ကျောက်ဆင်းတုတော်တစ်ဆူ ထပ်မံတည်ထားခဲ့သည်။ တတိယအကြိမ်အဖြစ် မြောက်ဦးခေတ် ဘုရင်မင်းဖလောင်းက စေတီတော်ကို ယခုလက်ရှိပုံစံအတိုင်း ဆင်းတုတော် ၄ ဆူဖြင့် မွမ်းမံတည်ထားခဲ့သည်။ စေတီတော်မှာ လေးမြှောင့်ပုံဖြစ်ပြီး စေတီတော်၏ အောက်ခြေပတ်လည်မှာ ပေ ၄၀ ရှိကာ ဉာဏ်တော်အမြင့် ၁၅ ပေရှိသည်။ အောက်ခံလိုဏ်ဂူကျောင်းတစ်ထပ်ပါရှိပြီး ဂူ၏အလယ်နံရံတွင် ပုံသဏ္ဌာန်တူ ဉာဏ်တော်အမြင့် ၈ ပေစီရှိသော ကျောက်ဆင်းတုတော် ၄ ဆူက အရပ်လေးမျက်နှာရှိ မုခ် ၄ ခုသို့ မျက်နှာမူကာ ကျောကပ်လျက်တည်ရှိသည်။ အလယ်မဏ္ဍိုင်ထိပ်၌ လေးမြို့ခေတ်လက်ရာ ကျောက်ဆင်းတုတော်ကြီးတစ်ဆူ ကိန်းဝပ်လျက်ရှိသည်။