မဟာထီးဘုရား

Listing Description

ရခိုင်ပြည်နယ် ပုရိန်မြို့ဟောင်း အနောက်တောင်ဘက် ၃မိုင်ခန့် အကွာ၊ မြောက်ဦးမြို့ တောင်ဘက် ၇မိုင်ခန့် အကွာတွင်တည်ရှိသည်။ ပုရိန်မြို့ကို တည်ထောင်သော လက်ကျာမင်းနန်မှ ၅ ဆက်မြောက်မင်းဖြစ်သော ကောလိယမင်းသည် သက္ကရာဇ် ၄၈၈ ခုနှစ် (ခရစ်သက္ကရာဇ် ၁၁၂၃ ခုနှစ်)၌ အမြင့်ပေ ၅၀ ခန့်ရှိ စန္ဒပဗ္ဗတတောင်ကုန်းတွင် မဟာထီးဘုရားကို တည်ထားကိုးကွယ်ခဲ့သည်။ ကောလိယမင်းသည် ထိုဒေသရှိကျောက်တုံးဖြင့် ဘုရားဆင်းတုတော် ထုဆစ်ကာ ကျောက်ထီးကြီးဖြင့် မိုးထားခဲ့သည်။ ထို့နောက် ဆင်းတုတော်နှင့် ကျောက်ထီးကြီးကို ကျောက်ဂူကြီးထဲသွင်း၍ ကိုးကွယ်ခဲ့သည်။ ကျောက်ထီးကြီးမိုးထားသော ဘုရားဖြစ်၍ မဟာထီးဘုရားဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်တွင် ရခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားကြရာ မြန်မာစစ်သည်များသည် မဟာထီးဘုရား ဂူတော်ထဲ ဝင်၍ခုခံကြသဖြင့် အင်္ဂလိပ် စစ်ဗိုလ် ဘော်ရော်က အမြောက်နှင့်ပစ်ရာ ဂူတော်တစ်ခုလုံးပြိုကျပြီး ဆင်းတုတော်လည်း တစ်စစီ ဖြစ်သွားခဲ့သည်။ မဟာထီးဘုရားဝန်းကျင်မှ ရွာသူ/ ရွာသားများသည် ပျက်စီးသွားသော ဆင်းတုတော် အစိတ်အပိုင်းများ ပြန်လည်ရှာဖွေကာ ပေါင်းစပ်ပြုပြင်ခဲ့ကြသော်လည်း အပြည့်အစုံမတွေ့သဖြင့် လိုအပ်သည့်နေရာတွင် အုတ် အင်္ဂတေ ဖြင့်အစားထိုးခဲ့ရသည်။ ဂူတော်ကိုလည်း မူလအတိုင်းမပြုလုပ်နိုင်တော့ဘဲ အောက်ခြေလေးထောင့်ကျောင်းတွင် ထုချွန်ပုံစေတီ တည်ခဲ့ကြသည်။ စေတီတော်၏ အရှေ့ဘက်တွင် သိမ်တော်ရှိသည်။ စေတီရင်ပြင်တော်သို့ တက်ရောက်ရန် ဘုရင်တက်လမ်းနှင့် မိဖုရားတက်လမ်းဟူ၍ လမ်းနှစ်သွယ်ရှိပါသည်။