မနူဟာဘုရား

Listing Description

မနူဟာဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ ဂူပြောက်ကြီးဘုရားမှ တောင်ဘက် ကိုက် ၅၀၀ အကွာ မြင်းကပါရွာတွင် တည်ရှိပါသည်။ မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုဋ)က ခရစ်နှစ် ၁၀၆၇ ခုနှစ်တွင် အနော်ရထာမင်းထံ ခွင့်တောင်း၍ တည်ထားခဲ့သည်ဟု သိရပါသည်။ မန္တလေးနန်းတော်တွင်း ကျောက်စာရုံအတွင်းတွင်  မနူဟာဘုရားကျောက်စာရှိပါသည်။ နှစ်ထပ်လိုဏ်ဂူဘုရားဖြစ်ပြီး အပေါ်ထပ်လိုဏ်သည် အောက်ထပ်လိုဏ်ထက်ငယ်သည်။ ဘုရားဂူအတွင်း၌ အရှေ့ဘက်တွင် ထိုင်တော်မူဘုရားကြီး ၃ ဆူရှိပြီး အနောက်ဘက်တွင် အလျား ၉၀ ပေရှိ မြောက်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်စံဝင်တော်မူဟန် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူရှိပါသည်။ အရှေ့ဘက်အလယ် ဆင်းတုတော်ကြီးမှာ အမြင့် ၄၆ ပေရှိပြီး ဝဲယာဆင်းတုတော်နှစ်ဆူမှာ အမြင့် ၃၃ ပေစီ ရှိပါသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်ကြီးမားကြသည်ဖြစ်၍ ဂူအတွင်း နေရာအပြည့် ဖြစ်နေကြသည်။ ဆင်းတုတော်ကြီးများသည် မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည်မဟုတ် ရှေ့မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပါသည်။