လေးမျက်နှာပုထိုးတော်ကြီး

Listing Description

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီး၏ မြောက်ဘက် ပေ ၁၅၀ ခန့်အကွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၇၉၂ ခုနှစ်တွင် မင်းစောမွန်တည်ထားသော မြို့တည်ဘုရား ၅ ဆူတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မုခ်ဝလေးခု အရပ်လေးမျက်နှာသို့လှည့်၍ တည်ထားခြင်းကြောင့် "လေးမျက်နှာဘုရား" ဟု ခေါ်တွင်ကြသကဲ့သို့ "မုခ်လေးတန်ဘုရား" ဟုလည်း ခေါ်တွင်ကြပါသည်။ ပုထိုးတော်ကြီးကို ကျောက်အုတ်များဖြင့် တည်ဆောက်ထားသည်။ ပုထိုးအောက်ခြေသည် စတုရန်းပုံဖြစ်ပြီး မုခ်လေးခုဖွင့်ထားသည်။ ပုထိုးတော်၏ ထောင့်များတွင် စေတီတစ်ဆူစီ၊ ပေါင်းလေးဆူနှင့် အလယ်တွင် စေတီကြီးတစ်ဆူရှိသည်။ စေတီများပုံသဏ္ဌာန်မှာ ဝေသာလီခေတ် စတူပါ ကျောက်စေတီငယ်များ ပုံစံအတိုင်းဖြစ်သည်။ မုခ်လေးခုမှ တစ်ဆင့်ဝင်သွားပါက လိုဏ်ဂူတော်သို့ရောက်သည်။ လိုဏ်ဂူအလယ်မဏ္ဍိုင်တွင် အရပ်ရှစ်မျက်နှာသို့ မျက်နှာမူထားသော ကျောက်ဆင်းတုတော်ရှစ်ဆူ တည်ရှိပြီး မျက်နှာချင်းဆိုင်နံရံတွင်လည်း ဂူပေါက်ငယ်များရှိကာ ဆင်းတုအဆူ ၂၀ ရှိပါသည်။ စုစုပေါင်း ဆင်းတုတော် နှစ်ဆယ့်ရှစ်ဆူ ရှိပါသည်။ လေးမျက်နှာပုထိုးတော်ကြီးနှင့် ကပ်လျက်မြောက်ဘက်တွင် သက္ကရာဇ် ၇၉၅ ခုနှစ်၌ မင်းစောမွန်၏ ညီတော် နရနူ (အလီခင်)မင်း တည်ထားခဲ့သော နရနူစေတီတစ်ဆူတည်ရှိပါသည်။ ထိုစေတီ၏ ဂူထဲတွင် အမြင့် ၁၀ ပေခန့်ရှိ ကျောက်ဆင်းတုတော်တစ်ဆူ ရှိပါသည်။ ဆင်းတုတော်သို့ ဝင်လမ်းဂူပေါက် လက်ဝဲ၊ လက်ယာတို့တွင် ဂူပေါက်ငယ် ၂၈ ခုရှိကာ ယင်းအထဲ၌ ကျောက်ဆင်းတုတော် ၂၈ ဆူရှိပါသည်။ လေးမျက်နှာပုထိုးတော်ကြီးသည် ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်သဖြင့် မြောက်ဦး ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။