တန့်တော်မူဗျာဒိတ်ပေးစေတီ

Listing Description

သမိုင်းဝင် တန့်တော်မူဗျာဒိတ်ပေးစေတီတော်သည် ရခိုင်ပြည်နယ် သံတွဲမြို့ တလင်းဆိတ်ကျေးရွာ ဒန့်ဒေးတောင်ပေါ် တွင် ကြည်ညိုသပ္ပာယ်စွာ တည်ရှိသည်။ ရခိုင်ပြည်နယ် သံတွဲမြို့၏ ကျက်သရေ ဆောင်ဖြစ်သော "ဆံတော်၊ နံတော်၊ အံတော်"  ဟူသော စေတီတော် သုံးဆူအား နောင်အခါ တည်ထားကိုးကွယ်ကြလိမ့်မည်ဟု "ဗာသုတတောင်" တွင် မြတ်စွာဘုရားရှင် ရပ်တန့်တော်မူပြီး ဗျာဒိတ်တော်ပေးခဲ့သဖြင့် ယခုအခါ တန့်တော်မူတောင် (ဒန့်ဒေးတောင်) ဟုခေါ်တွင်ကြသည်။ ဓညဝတီမြို့တော်၌ သူရိယကေသီမင်းကြီး စိုးစံချိန် ဒွါရဝတီ သံတွဲမြို့တွင် မင်းညိုခင် အုပ်ချုပ်လျက်ရှိပြီး မင်းညိုခင်က ကောဇာသက္ကရာဇ် ၁၄၄ ခုနှစ်၌ မြတ်ဗုဒ္ဓ ရပ်တန့်ဗျာဒိတ်ပေးတော်မူရာ ဤဒန့်ဒေးတောင်ပေါ်တွင် စေတီတစ်ဆူ တည်ထားကိုးကွယ်၍ "တန့်တော်မူဗျာဒိတ်ပေးစေတီ" ဟုခေါ်တွင်ခဲ့ပြီးနောင်တွင် ခေတ်အဆက်ဆက်၌ မင်းအဆက်ဆက်က စေတီတော်အား ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့သည်ဟု ဘုရားသမိုင်း မှတ်တမ်းအရ သိရသည်။ ဘုရားရှင် ဗျာဒိတ်ပေးရန် ရပ်တော်မူခဲ့သည့် နေရာတွင် တည်ထားသည့် ရှေးခေတ်လက်ရာ ရုပ်ပွားတော်ကိုလည်း ကြည်ညိုစွာ ဖူးတွေ့နိုင်မည်ဖြစ်ပြီး ရှေးဟောင်းလက်ရာ ခေါင်းလောင်း နှင့် ကျောက်စာများကိုပါ လေ့လာနိုင်မည်ဖြစ်သည်။ တန့်တော်မူဗျာဒိတ်ပေးစေတီရှိရာ တောင်ပေါ်မှ လှမ်းမျှော်ကြည့်လျှင် မြတ်စွာ ဘုရားဗျာဒိတ်ပေးခဲ့သည့် တောင်များတွင် တည်ရှိသော ဆံတော်စေတီ၊ နံတော်စေတီ၊ အံတော်စေတီတို့ကို ကြည်နူးစွာ လှမ်းမျှော်ဖူးမြင်ရမည်ဖြစ်သည့်အပြင် သဘာ၀တောတောင် အလှအပများ ကိုပါ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။