ရွှေတွင်းအောင်းစေတီ

Listing Description

ရွှေတွင်းအောင်းစေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်း (အမြင့်ကျေးရွာ) တွင် တည်ရှိပါသည်။ အနော်ရထာမင်း စိတ်မျက်ချိန်က ကျန်စစ်သား တွင်းတူး၍ ပုန်းအောင်းခဲ့သောနေရာတွင် ကျန်စစ်သားထီးနန်းရရှိသောခါ ယခုရွှေတွင်းအောင်းစေတီတော်ကို တည်ထားခဲ့သည်ဟု သိရပါသည်။ ရွှေတွင်းအောင်းစေတီတော်နှင့် မနီးမဝေး၌ ရန်သူများ မိမိထံ လာ၊ မလာကို ကျန်စစ်သားကြည့်ခဲ့သည့်နေရာ၌ ဘုရားတည်ရာ ''ကြည့်ဘုရား'' အမည်တွင်ခဲ့သည်။ သမီးတော် ရွှေအိမ်သည် ကျုံး၊ မြို့ရိုးတို့နှင့် စည်ပင် နေသော အမြင့်မြို့သို့ ပုဂံနေပြည်တော်မှ နန်းဦးရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခဲ့ရာ "ရွှေကြိုးရစ်ဘုရား''မှာ ယနေ့တိုင် ဖူးမြော်ကြည်ညိုနိုင် ပါသည်။ ထိုနည်းတူ သူလျှိုကုလား ၇ ဦးကို အရိန္ဒမာလှံနှင့် ထိုးသွင်းသုတ်သင်ခဲ့ရာ နေရာ၌ 'ကုလားကျဘုရား'မှာလည်း ရှေးဟောင်း အမြင့်မြို့၌ တည်ရှိနေဆဲ ဖြစ်ပါသည်။ ရွှေတွင်းအောင်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း ပူဇော်ကျင်းပပါသည်။