ချိန်ကိုက်ပိဋကတ်တိုက် (ခြင်ကိုက်ပိဋကတ်တိုက်)

Listing Description

မြောက်ဦးမြို့ ထူပါရုံစေတီတော်၏ မြောက်ဘက် ချိန်ကိုက်တံတိုင်း (ခြင်ကိုက်တံတိုင်း)၏ တောင်ဘက်အနီးတွင် တည်ရှိပါသည်။ (ချိန်ကိုက်ဟုရေးသော်လည်း အသံထွက်အမှန်မှာ ခြင်ကိုက် ဖြစ်ပါသည်။) ဤပိဋကတ်တိုက်ကို မြောက်ဦးခေတ် (၁၇) ဆက်မြောက် ဘုရင်မင်းဖလောင်းသည် ကောဇာသက္ကရာဇ် ၉၅၃ ခုနှစ် (အေဒီ ၁၅၉၁) တွင် အနောက်ဘက်ရှိ တောင်ညိုကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော သံဃာတော်အရှင်သူမြတ်များ အသုံးပြုရန် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ပိဋကတ်ကျမ်းဂန် ပေပုရပိုက်များ၊ လောကီလောကုတ္တရာ နှစ်ဖြာသော ကျမ်းဂန်များ ထားရှိသည်ဟုဆိုသည်။ အရှေ့မျက်နှာစာတွင် သိမ်သမုတ်တိုင်များရှိပြီး မူလက ပိဋကတ်တိုက်တစ်ခုလုံးကို သိမ်အဆောက်အအုံအတွင်း ထည့်သွင်းတည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ မြောက်ဦးတစ်ခွင်ရှိ ပိဋကတ်တိုက် ၄၀ ခုတွင် ယခုထိ ထင်ရှားစွာကျန်ရှိနေသော ပိဋကတ် တိုက်တစ်ခုဖြစ်သည်။ ပိဋကတ်တိုက်ကို ကျောက်ဆစ်အနုလက်ရာ အပြောက် အမွန်းများစွာဖြင့် ဆင်ယင်ထားရှိသည်။ ဤပိဋကတ်တိုက်အနားလေးဘက်၏ တစ်ဖက်စီမှာ ၁၃ ပေစီရှည်လျားပြီး မုခ်ထွက် ၆ ပေရှိသည်။ ပိဋကတ်တိုက်တော်ကို ကျောက်တံတိုင်းလေးဖက်ကာရံထားပါသည်။ အရှေ့ဘက်တွင် ဝင်ပေါက်ပါရှိပြီး အောက်ခြေလေးထောင့်တိုင်းတွင် ခိုနန်းချိုးများဖြင့်တွေ့ရှိရပါသည်။ အပေါ်ပိုင်းကို ပြာသာဒ်၊ ဘုံအဆင့်ဆင့်များဖြင့်ထုဆစ်ထားပါသည်။ ပြဿဒ်ဘုံ ၅ ဆင့်ထိ အမြင့် ၁၅ ပေရှိသည်။ ထိုပြဿဒ်ဘုံဆင့်တိုင်းတွင် ပန်းခက် ပန်းနွယ် စုလစ်မွန်းချွန် စိန်တောင်များ အနုလက်ရာများဖြင့် အနုစိတ်တည်ဆောက်ထားပါသည်။ အောက်ခြေမှ အထက်သို့ ကြာပွင့်သဏ္ဌာန်ထုဆစ်ထားသည်။ ဂူကျောင်းများတို့တွင် ထောင့်တစ်ခုစီ၌ ခိုနန်းတစ်ဆစ်ချိုးထားသည်။