မင်္ဂလမာရ်အောင်စေတီ

Listing Description

မင်္ဂလမာရ်အောင်စေတီတော်သည် မြောက်ဦးမြို့ နန်းရာကုန်းမှ မြောက်ဘက်တစ်မိုင်ခန့်အကွာ ခြင်ကိုက်ပိဋကတ်တိုက်မှ အနောက်မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ရှိပါသည်။ စန္ဒသုဓကမ္မရာဇာမင်းကြီးလွန်ပြီးနောက် ၎င်း၏ သားတော်ဥဂ္ဂါဗလ နန်းစံသက် ၁၁ နှစ်အကြာ ခရစ်နှစ် ၁၆၈၅ ခုနှစ်တွင် တည်ထားခဲ့သည်ဟု သိရပါသည်။ အချို့သော မှတ်တမ်းများတွင် ခရစ်သက္ကရာဇ် ၁၆၃၀ ခုနှစ်နှင့် ၁၆၄၅ ခုနှစ် အကြားတွင် မြောက်ဦးဘုရင် နရပတိကြီးက တည်ထားခဲ့သည်ဟု ဆိုပါသည်။ ရခိုင်လူမျိုးတို့သည် ၃၈ ဖြာ မင်္ဂလာတရားတော်ကို မျိုးရိုးစဉ်ဆက် အောင်မြင်စွာ စောင့်ထိန်းခြင်း အထိမ်းအမှတ်အဖြစ် စေတီတော်ကို "မင်္ဂလမာရ်အောင်စေတီ" ဟု ခေါ်တွင်စေခဲ့သည်။ စေတီတော်မှာ လုံပိတ်ထုချွန်ပုံဖြစ်ပြီး ကျောက်အတိဖြင့် တည်ဆောက်ထားကာ မဟာရံကျောက်တံတိုင်း ကာရံထားသည်။ အောက်ခြေမှာ ရှစ်မြှောင့်ပုံဖြစ်ပြီး အပေါ်ပစ္စယံနှစ်ဆင့်တွင် မုခ်ငယ်ရှစ်ခုနှင့် ဆင်းတုတော်များ ရှိသည်။ စေတီတော် အောက်ခြေပတ်လည် ၁၄၀ ပေရှိပြီး ဉာဏ်တော်အမြင့် ၈၀ ပေရှိသည်။ စေတီတော်၏တောင်ဘက်မျက်နှာစာတွင် ရခိုင်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာလေးချပ် ရှိသည်။ ကျောက်စာအရ စန္ဒဝိဇယဘုရင်သည် ဤစေတီကို ပြုပြင်ခဲ့ကြောင်း သိရသည်။ သူသည် ဤစေတီ၏ မူလကုသိုလ်ရှင် နရပတိကြီး၏ မြေးတော်အရင်း နွယ်တော် အစစ်ဖြစ်ကြောင်းဆိုပါသည်။ စေတီတော်၏ ပတ်လည် အရပ်လေးမျက်နှာတွင် ဆီမီးခွက်တင်ထွန်းရန် ကျောက်တိုင်ကြီးများရှိသည်။ စေတီ၏ အရှေ့ဘက်တွင် သမုခ်သိမ်ကြီးတစ်ခုရှိသည်။ ယခုအခါ ထိုနေရာတွင် သိမ်တော်ဆောက်လုပ်ထားပြီး သိမ်တော်ထဲရှိ ဘုရားမှာ စေတီတော်မှ မိုင်ဝက်ခန့်အကွာတွင်ရှိသော ကုန်းတစ်နေရာမှ ပြောင်းရွှေ့ပင့်ဆောင်ပူဇော်ထားသော ဘုရားဖြစ်သည်။ မင်္ဂလမာရ်အောင်ဘုန်းကြီးကျောင်းအနီးတွင် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်၌ သီရိသုဓမ္မာရာဇာဘုရင်ကြီးနှင့် မိဖုရားကြီး နတ်သျှင်မယ်တို့ ကောင်းမှုဖြစ်သော ကျောက်ဆင်းတု "တပင်တိုင်နန်းဦးဘုရား" ရှိသည်။ ဉာဏ်တော်အမြင့် ၇ ကျော်ရှိပြီး ပလ္လင်တော်မှာ ကျောက်ဆစ်လက်ရာများဖြင့် တင့်တယ်ပါသည်။