ထင်တော်မူစေတီနှင့် မြင်တော်မူစေတီ

Listing Description

ဤစေတီနှစ်ဆူသည် မြောက်ဦးမြို့ နန်းတော်ကုန်း၏အရှေ့ဘက် ပေ ၁၀၀ ခန့်စီမြင့်သော တောင်ကုန်းနှစ်ခုတွင် အသီးသီးတည်ရှိသည်။ ယခင်မင်းဗာကြီးတည်ထားခဲ့သော မြတ်စွာဘုရား၏ နံရိုးတော်ဓာတ်နှင့် ရင်ရိုးတော်ဓာတ်တို့ကို ဌာပနာထားသော စေတီနှစ်ဆူတို့မှာ လက်ဆည်ကန်အနီးတွင် လူနေအိမ်ခြေတို့နှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ကောဇာသက္ကရာဇ် ၁၀၀၁ ခုနှစ် (အေဒီ ၁၆၃၉) တွင် နရပတိကြီးမင်းသည် ထိုစေတီနှစ်ဆူမှ ဓာတ်တော်များကို ပြောင်းရွှေ့ပင့်ဆောင်လျက် လက်ရှိနေရာ၌ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ နရပတိကြီးမင်းသည် ထီးနန်းကို မစိုးစံရသေးမီ လောင်းကြက်စား ငကုသလအမတ်ဘဝတွင် ကိုယ်တိုင်ဗေဒင်တွက်ချက်မှုအရ မိမိထီးနန်းစိုးစံရမည်ကို ကြိုတင်ထင်မြင်ခဲ့သည်။ ယင်းကြောင့် နံရိုးတော်ဓာတ်ကို ဌာပနာ၍ စေတီတည်ထားသောအခါ ထင်တော်မူစေတီဟု ဘွဲ့အမည်ဆက်ကပ်ပြီး ရင်ရိုးတော်ဓာတ်စေတီကို မြင်တော်မူစေတီဟု ဘွဲ့အမည်ဆက်ကပ်ခဲ့သည်။