မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်

Listing Description

မြောက်ဦးမြို့ရှေးဟောင်းမြို့ရိုးအနီးတွင် တည်ရှိသည်။ ၁၉၆၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ထပ်မံ၍ လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တွင် အသစ်ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ပြတိုက်တွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ ခေတ်နှင့် မြောက်ဦးခေတ်ဟူ၍ ခေတ်လေး ခေတ်၏ သမိုင်းဝင်ပုံရိပ်များကို ပြသထားသည်။

ပထမပြခန်း ဖြစ်သော ကျောက်စာနှင့် ကျောက်ဆစ်လက်ရာပြခန်းတွင် ခေတ်အလိုက် ဘုရင်များ၏ အုပ်ချုပ်ပုံအဆင့်ဆင့်နှင့် စည်ပင်သာယာခဲ့ပုံများ၊ ကျောက်စာထုဆစ်ခဲ့ရပုံများ၊ နှစ်ပေါင်း ၂၀၀၀ ကျော် ကျောက်ဆစ်လက်ရာ အရေးအသားများ တွေ့မြင်ရမည်ဖြစ်သည်။

ဒုတိယပြခန်းဖြစ်သော စဉ့်ထည်နှင့် လူ့အသုံးအဆောင်ပစ္စည်းပြခန်းတွင် ရခိုင်လူမျိုးများ၏ အထိမ်းအမှတ်တစ်ခုဖြစ်သော သတ္တဝါ ကိုးကောင်ဖြင့် ထုဆစ်ထားသော ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ် များ၏ ဗျာလ်ရုပ်များကို ပုံစံဟန်အမျိုးမျိုး ဖြင့်ပြသထားသည်။ ရခိုင်လူမျိုးများ ဘုရားစေတီကို စဉ့်သားဖြင့် ပြုလုပ်ကာကိုးကွယ်ထားသော စဉ့်စေတီများ၊ စဉ့်ထုတ်လုပ်ပုံများ၊ လူ့အသုံးဆောင် အိုးခွက်ပန်းကန်များကို စဉ့်ဖြင့်ထုလုပ်ထားသည့်ပစ္စည်းများ၊ ကြွေထည် ပစ္စည်းအမျိုးမျိုး၊ အမြောက်များ၊ ဗုံးသီးများ၊ ပန်းပုလက်ရာအမျိုးမျိုးကို ပြသထားသည်။

တတိယပြခန်းဖြစ်သော မြောက်ဦးမြို့ မြို့တည်ပုံသမိုင်းကြောင်းပြခန်းတွင် မြို့ရိုးကိုး ခုနှင့် မြို့တံခါး ၁၆ ခု ၏ဖွဲ့စည်းမှုများ၊ လုံခြုံ ရေးစနစ်အဖြစ် ကျီ ၁၀ ခု၊ မြို့ရိုးကိုပတ်ထား သောကျုံးအခု ၂၀ တို့၏ ဖွဲ့စည်းမှုများ၊ ဝင်္ကပါ သဏ္ဌာန်ဖွဲ့စည်းထားသော မြို့ရိုးများ၊ တောင်များ ကို အကာအကွယ်ယူထားမှုစနစ်၊ ရန်သူကို တိုက်ခိုက်နိုင်ရန် ဖွဲ့စည်းထားသော မြို့ရိုး ဖွဲ့စည်းမှု များကို ပြသထားသည်။

စတုတ္ထပြခန်းဖြစ်သော ရခိုင်ပြည်နယ်၏ ခေတ်လေးခတ် ဗုဒ္ဓဆင်းတုတော်များပြခန်းတွင်လည်း ရခိုင်ပြည်၏ အစောဆုံး ဓညဝတီ ခေတ်ဦး၏ ဗုဒ္ဓရုပ်ပွားတော်များ၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့၏ ဗုဒ္ဓဆင်းတုတော်များကို အပိုင်းလေးပိုင်းဖြင့် ပြသထားသည်။

ပြတိုက်ကို တနင်္လာနေ့နှင့် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။