ပါးတော်ဓာတ်စေတီ

Listing Description

မြောက်ဦးမြို့မှ တောင်ဘက် ၁၆ မိုင်ကွာဝေးသော ပါးတော်းရွာ၏အနောက်ဘက် ကပ်လျက်တည်ရှိသော တောင်တန်းပေါ်တွင် တည်ရှိသည်။ သူရိယစက္ကမင်းသည် သီရိဓမ္မာသောကမင်းကြီး ပေးပို့လှူဒါန်းသော မြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာ၍ နွားလားဥဿဘတစ်မော့ခန့်မြင့်သော စေတီများ တည်ထားခဲ့ရာ ယခုပါးတော်ဓာတ်စေတီတွင် မြတ်စွာဘုရား၏ လက်ဝဲပါးရိုးတော်ဓာတ်ကို ဌာပနာ၍ တည်ထားသည်ဟု သိရသည်။ စေတီတော်အား ခေတ်အဆက်ဆက် မင်းများ၊ ပြည်သူများက ပြုပြင်မွမ်းမံခဲ့ကြရာ ယခုလက်ရှိ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၃၁ ပေရှိပြီး အောက်ခြေပတ်လည် ၇၃ ပေ ရှိသည်။ စေတီတော်၏ တက်လမ်းတွင် သိမ်တစ်ခုရှိပြီး ထိုသိမ်ထဲတွင် ကျောက်ဆင်းတုတော် သုံးဆူကိန်းဝပ်လျက်ရှိသည်။ လက်ဝဲဘက်ရှိ ဆင်းတုတော်မှာ နတ်ထောင့်ခြေအရပ်မှ ပင့်ဆောင်ထားခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၃ ပေ ၁၀ လက်မရှိသည်။ အလယ်ရှိ ဆင်းတုတော်မှာ ဝတ်မှုန်ရွာဟောင်းမှ ပင့်ဆောင်ထားခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၄ ပေ ၃ လက်မရှိသည်။ လက်ယာဘက် ဆင်းတုတော်မှာ အိုးထိမ်းဟောင်းရွာမှ ပင့်ဆောင်ထားခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၃ ပေ ၈ လက်မရှိသည်။