မင်းခမောင်းပုထိုး

Listing Description

မြောက်ဦးမြို့ တက္ကသီလဘုရား၏တောင်ဘက် အနူမကန်ဘောင်ရိုးအနီးကုန်းပေါ်ရှိ ပေါင်းကူးတံတားအနီးတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ်တွင် ဘုရင်မင်းဖလောင်းက မဟာရံတံတိုင်းနှစ်ထပ်ကာရံ၍ ကျောက်အတိဖြင့် တည်ထားကိုးကွယ်ခဲ့ကာ ဂေါရီဝပုထိုးဟု အမည်တွင်ခဲ့သည်။ ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် ဘုရင်မင်းခမောင်းက ထပ်မံပြုပြင်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခဲ့သည်။ ရွှေသင်္ကန်းအစအနများကို ယနေ့တိုင်တွေ့မြင်ရသည်။ ယခင်က ဂေါရီဝပုထိုးဟု ခေါ်တွင်ခဲ့သော်လည်း မင်းခမောင်းမွမ်းမံသည့် အချိန်မှစ၍ မင်းခမောင်းပုထိုးဟု အမည်တွင်ခဲ့သည်။ ပုထိုးတော်သည် အောက်ခံလေးထောင့်ဂူကျောင်းဖြစ်ပြီး ဂူကျောင်းပေါ်တွင် စေတီတစ်ဆူ တည်ထားသည်။ ပုထိုးတော်၏ အောက်ခြေပတ်လည်မှာ ၁၁၂ ပေရှိပြီး ဉာဏ်တော်အမြင့် ပေ ၂၀ ခန့်ရှိသည်။ ဂူအတွင်း၌ ကျောက်ဆင်းတုတော်ကြီး တစ်ဆူကိန်းဝပ်လျက်ရှိပြီး ထိုဆင်းတုတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၈ ပေ ၃လက်မ၊ ဒူးစွန်းတော်နှစ်ဖက်အကျယ် ၇ ပေ ရှိသည်။ ဘုရားပလ္လင်ပေါ်တွင် ရှေးအခါက ဆီမီးခွက်ထွန်းရန် ကြာပွင့်ပုံကျောက်ခွက် ကိုးခုပြုလုပ်ထားသည်။ အရှေ့ဘက်တွင် ဂူဝင်ပေါက်မုခ်တစ်ခုရှိပြီး မုခ်တံကဲ၏ တစ်ဖက်တစ်ချက်၌ နတ်သား၊ နတ်သမီး ပူဇော်နေဟန်ရုပ်တုနှစ်ခု၊ ဘုရင်ရုပ်၏အောက်ခြေတွင် ဝန်ကြီးတစ်ဦးဆောင့်ကြောင့်ထိုင်နေဟန်ရုပ်နှင့် ပန်းခက်ပန်းနွယ်များကို  ကျောက်ဆစ်လက်ရာဖြင့် ပြောင်မြောက်စွာ ထုဆစ်တန်ဆာဆင်ထားသည်။