မြောက်ဦးရှိမြို့တံခါးများ

Listing Description

မြောက်ဦးမြို့တော်ကြီးမှာ မြို့ဝင်တံခါးပေါက်ပေါင်း (gates) ၆၄ ပေါက်ရှိပါတယ် ။

ရေကြောင်းမှ အဝင်အထွက် တံခါးပေါက် ၃၂-ခုနဲ့

ကုန်းလမ်းမှ အဝင်အထွက် တံခါးပေါက် ၃၂- ခု၊

စုစုပေါင်း ၆၄-ခု ပါ။

ဒီတံခါးတွေက လမ်းပြ (usher)တွေ မပါပဲ  ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်လို့ မရပါ။

မြို့တော်တခုလုံးကို  ဝင်္ကပါအလား စီမံထားပါတယ်။

တံခါးအတုတွေကို ဝင်ပေါက်အစစ်ထင်ပြီး ဝင်လာရင်တော့ မျက်စိလည် လမ်းမှားသွား ပါလိမ့်မယ်။

လျှောက်လာရင်းနဲ့ မျက်စိအောက်မှာပဲ မြို့တော်တခုလုံး ပျောက်ကွယ် သွားပြီး တောတွေ၊  တောင်တွေ၊ ကျူံးတွေကိုသာ တွေ့ရပါလိမ့်မယ်။

အဲလို တံခါးမျိုးကို ရှေးခေတ်က တံခါးလိမ်လို့ ခေါ်ပါတယ်။

တံခါးပေါက်(gate) အစစ်က သိပ်မရှိလှဘူး။

(၁)  လူဝင်ပေါက်က  အခုကားလမ်းမြောက်ဘက်မှာသာ ရှိပါတယ်။

(၂)  ငွေတောင်ခံတပ် မြောက်ဘက်မှ ဆင်ကျပ်တံခါးကတော့ ဆင်နဲ့ ဝင်ထွက်လို့မရ၊ ဆင်စီးလို့ မဝင်ရတဲ့ တံခါးပဲ ဖြစ်ပါတယ်။

(၃) တောင်ဖြူတောင် အနီးမှာ  မိုးလင်းဝ ဆိုတဲ့ တံခါးတပေါက် ရှိခဲ့တယ်။ ညနေချိန်မှာ လုံးဝ မဝင်ရ၊ ညနေ ၆နာရီထိုးတာနဲ့ ပိတ်တယ်၊ ဒီအပေါက်က ဝင်ချင်ရင် မိုးလင်းအောင်ထိ စောင့်ပြီးမှ မြို့ထဲကိုဝင်လို့ ရတယ်။

ဒါကြောင့် ဒီတံခါးကို (မိုးလင်းမှ ဝင်ရတဲ့+အပေါက်အဝ=) မိုးလင်းဝလို့ ခေါ်ကြတာ ဖြစ် ဖြစ်တယ်။

သျှစ်သောင်းဘုရားရှိ အာနန္ဒာစန္ဒြား ကျောက်စာကို ဘုရင်မင်းပင်ကြီးက ဒီတံခါး အနီးမှ သယ်ယူလာတာ ဖြစ်ပါတယ်။

(၄) မောလိပ်ကန်ရဲ့ အရှေ့ဘက်၊ စံကားတောင်ထိပ်မှာ တံခါးပေါက် တခု ရှိခဲ့တယ်။ မောလိပ်တံခါး၊ စံကားတောင်တံခါးလို့ ခေါ်ကြပါတယ်။

      နိုင်ငံခြားသားတွေ၊ သံတမန်တွေ အဓိက ဝင်ထွက်သွားလာခဲ့တဲ့ တံခါးပေါ့။ ဒီ တံခါးပေါက်ကို နင်းကျော်မိတာနဲ့ နန်းမြို့တော်ကို အပေါ်စီးက တင့်တယ်စွာ ရှုမြင်ရပါတယ်။ မသူတော်တွေ ပါလာရင်လည်း ပူစရာ မလို၊ တံခါးစောင့်(janitor)တွေက အပေါ်စီး(အဝေးကြီး)မှ ကြည့်ရှု စစ်ဆေးလို့ ရတဲ့ တံခါးပေါ့။

(၅) ဆင်ဖြူတော်သာ ဝင်ထွက်သွားလာခွင့် ရှိတဲ့ ဆင်ဖြူ တံခါး၊

(၆) နန်းတွင်းသူ/သားတွေသာ ဝင်ထွက်ခွင့်ရတဲ့ နန်းသားကန် တံခါး၊

     (ဒီတံခါး ၂ပေါက်က အခုအချိန်မှာ  အစအနတောင် ရှာလို့ မရတော့ပါခဗျ။)

(၇) မောက်တော်တံခါး၊ (မြို့တော် အနောက်ဖက်)

      ဒီတံခါးက အပြစ်သားတွေကို သွင်းတဲ့

တံခါးတခု ဖြစ်ပါတယ်။

(၈) လက်ဆေးကန်တံခါး၊ (တောင်ဖက်)

        ဒီတံခါးမှာ တံခါးရွက်တွေက အလွန်ကြီးမားပါတယ်။ လူအားနဲ့ ဆွဲမ လို့ မရ။ ယန္တရား ခလုတ်များ တပ်ဆင်ပြီး ဖွင့်ရ ပိတ်ရတဲ့ တံခါးကြီးမျိုး ဖြစ်တယ်။  နန်းမြို့ထဲမှာ ဒီလို တံခါး ၁၆ ခု တိတိ ရှိခဲ့ ဖူးပါတယ်။

(၉) မြောက်တံခါး (သျှစ်သောင်းအနီး)

(၁၀) ရန်နောင်တံခါး(အရှေ့ဖက်)

        ဒီတံခါး ၄ပေါက်ကတော့ ဝင်းတော်နဲ့ ဒါရိုက် ဆက်သွယ်ထားတဲ့ ပင်မတံခါးပေါက်ကြီးတွေပဲ ဖြစ်ပါတယ်။

(၁၁)  ကြခတ်စားအမတ်က တည်ဆောက်ရ တာဝန်ယူရတဲ့ တံခါးပေါက် တခုလည်း ရှိခဲ့တယ်။ ဒါကြောင့် ထိုတံခါးကို ကြခတ်စားတံခါး(ကြခတ်တံခါး) ခေါ်ကြတာ ဖြစ်ပါတယ်။

ဒီတံခါးတွေ အကုန်လုံးကို ဘုရင်မင်းစောမွန်က မြောက်ဦးမြို့ တည်ဦးစကပင် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား - ဆရာကြီး ဦးဦးသာထွန်းပြောစကားများမှ အာကာစိုး၏ ရှင်းလင်းဖော်ပြမှုအား တဆင့်ပွားယူဖေါ်ပြခြင်း ဖြစ်ပါသည်။

#crd_to_owner